စစ်ကိုင်းတိုင်း၊ယင်းမာပင်နှင့်ပုလဲမြို့နယ်အတွင်းရှိ ဒေသခံများကို ကျန်းမာရေးစောင့်ရှောက်မှုအပြင် လယ်ယာလုပ်ငန်းခွင်၌လည်း ဝင်ရောက်ကူညီပေးနေကြောင်း ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (Burma Liberation Democratic Front-BLDF) ထံက သိရသည်။
အောက်တိုဘာလအတွင်း ပုလဲနှင့်ယင်းမာပင်မြို့နယ် ပြည်သူများ၏ လယ်ယာလုပ်ငန်းခွင်များ၌ ကောက်စိုက်ခြင်းနှင့်ပျိုးသယ်ခြင်းတို့ ကူညီပေးခဲ့သလို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည်မှာ ၁ နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ လူနာပေါင်း ၁၀၀၀ ကျော်ကို ကုသပေးခဲ့ကြောင်းသိရသည်။
“ကျနော်တို့ တော်လှန်ရေးစတင်ခဲ့တာက လူထုကိုမှီခိုပြီး လက်နက်ကိုင်တော်လှန်ရေးစတင်ခဲ့တာပါ။အစပိုင်းမှာ လူထုကိုမှီခိုရပေမဲ့ တပ်အနေနဲ့ အခြေကျပြီး နောက်ပိုင်း တပ်နဲ့ဆောင်ပုဒ်နဲ့အညီ စစ်ကောင်စီတိုက်ဖို့ ပူးပေါင်း လူထုဘဝကို မြှင့်တင် ဆိုတဲ့အတိုင်း လူထုဘဝ သာယာဝပြောဖို့ အတတ်နိုင်ဆုံးကူပေးခဲ့တာပါ”ဟု BLDF တပ်ခွဲမှူး ရဲဘော် တာရာ ကပြောသည်။
ယင်းမာပင်နှင့်ပုလဲနယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားသူများရှိပြီး အခြားဖြစ်ပွားလေ့ရှိသည့် ရောဂါများကိုလည်း ၁ လလျှင် ၂ ကြိမ်နှုန်းဖြင့် ကုသပေးနေကာ အရေးပေါ်ကုသရန်လိုအပ်ပါကလည်း သွားရောက်ကုသပေးကြောင်းသိရသည်။
“တောသူ တောင်သားများတော့ ပန်းဖျားဖြစ်တာလည်းများတယ်။လှမ်းခေါ်ရင်လည်း လုံခြုံရေးယူပြီးသွားကုပေးရတာပေါ့”ဟု ၎င်းကဆက်ပြောသည်။
BLDF တိုက်ခိုက်ရေးရဲဘော်များ တိုက်ပွဲဝင်နေချိန်တွင် ဆေးတပ်သားများက ဒေသတွင်း စစ်ရှောင်များကို ဆေးကုသမှုပေးကြောင်းလည်း သိရသည်။
“လူနာကတော့ အရွယ်အစုံပါပဲ။မိုးကာလဆိုတော့ သွေးလွန်တုပ်ကွေး ကလေးတွေ အဖြစ်များကြတယ်”ဟု BLDF ဆေးမှူးရဲဘော်ဂွတ်ဂွတ် ကပြောသည်။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် အချိန်မီ ဆေးဝါးများမရသလို ရန်ပုံငွေအခက်ခဲကြောင့်လည်း အချိန်မီဆေးဝါး မဖြည့်တင်းနိုင်ကြောင်းလည်း ၎င်းကဆိုသည်။



