ရှမ်းပြည်နယ်တောင်ပိုင်း ၊မိုးဗြဲမြို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ် ၄၀ ထက်မနည်း ပစ်ခတ်ခဲ့ ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ၉ရက်) နံနက် ၅နာရီ ခန့်မှစတင်ကာ မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က ပြောသည်။
“ ဒီနေ့ မိုးဗြဲမြို့ထဲမှာ တိုက်ပွဲဖြစ်နေတာပါ။စစ်တပ်နဲ့ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပေါ့။အဖွဲ့တွေက တော့ တော်တော်များများပါပါတယ်။တိုက်ပွဲကတော်တော်ကြီးတယ်။မကြာခင်သတင်းကောင်းကြားရမှာပါ” ဟု ၎င်းက ပြောသည်။
ယင်းတိုက်ပွဲသည် ယနေ့ နံနက် ၅နာရီခန့်မှ မွန်းလွဲ ၁နာရီအထိ ဖြစ်ပွားခဲ့ပြီးနောက် ငြိမ်သက်သွားခဲ့သော်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူပေးနေကြောင်း မိုးဗြဲမြို့နေပြည်သူတစ်ဦးက ပြောသည်။
“ အခု မိုးဗြဲမှာ တိုက်ပွဲငြိမ်သွားတဲ့အချိန် ဖယ်ခုံဘက်က လက်နက်ကြီး ကူပစ်ပေးနေတာပေါ့။ဖယ်ခုံက စစ်တပ် နှစ်ခုရှိတယ်။၁၂၂ တပ်ရင်းနဲ့ ၄၂၂ တပ်ရင်းပေါ့။အဲ့နှစ်ခုလုံးက ပစ်နေတာ။၅ မိနစ်ခြားတစ်ခါ ဆိုသလို လက်နက်ကြီးတွေ ပစ်ကူပေးနေတာပေါ့။အခုထိပဲ” ဟု ၎င်းက ယနေ့မွန်းလွဲ ၂နာရီကျော်တွင်ပြောသည်။
စစ်ကောင်စီတပ်က ၁၂၀(မမ) လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ် ပြီး ထိခိုက်သေဆုံးသည့် ပြည်သူများလည်းရှိကြောင်း KNDFတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။
“ ဒီနေ့ နေ့လည် ၁နာရီကနေ စပြီးအခုထိ ပစ်နေတာ။၁၂၀(မမ) တွေနဲ့ ရမ်းသန်းပစ်နေတာပေါ့။တိုက်ပွဲကတော့ ငြိမ်နေတယ်။လေယာဉ်ပစ်ကူတော့ မလာသေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ထိခိုက်မှုရှိသော်လည်း စာရင်း အတိအကျမသိ သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။