စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် သံလမ်းပြင်နေသော စစ်ကောင်စီတပ်က အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများကို ဖမ်းဆီးနေကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် ရက်အနည်းငယ်ကြာလျှင် ပြန်လွတ်လာသော်လည်း ရေသောက်ကန်ကျေးရွာမှ CDM ဆရာမတဦးနှင့် အမျိုးသား ၂ဦးတို့ ဖမ်းဆီးခံထားသည်မှာ ရက် ၂၀ကျော်ကြာသည့်တိုင် မလွတ်သေးကြောင်း သိရသည်။
” ဖမ်းပြီး ပြန်လွတ်တာတွေလည်းရှိတယ်။ မလွတ်သေးတာတွေလည်းရှိတယ်။ သံသယရှိတဲ့ပြည်သူတွေကို ပြန်လွှတ်ပေးတာမရှိဘူး။ နှမ်းစိုက်နေတဲ့အချိန်ဆိုတော့ သံလမ်းဘေးဝန်းကျင်မှာ ဝင်လုပ်တဲ့ပြည်သူတွေဆို အဖမ်းခံရတာများတယ်။ မိုးကာတဲထိုးပြီး နေနေတဲ့ စစ်ဘေးရှောင်တွေလည်း အဖမ်းခံရတာရှိတယ်။ ဖမ်းလိုက် ပြန်လွှတ်လိုက်ဆိုတော့ အရေအတွက်တွေ၊ ရက်တွေအတိကျမသိရဘူး” ဟု ဒေသခံတဦးက MPA သို့ပြောသည်။
ဖမ်းဆီးခံရသူများမှာ ရေသောက်ကန်ကျေးရွာသား အများစုဖြစ်ပြီး သံလမ်းအနီးရှိ ကျေးရွာ ၁၀ရွာကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” အဖမ်းခံရရင် ရိုက်နှက်တာမျိုးတွေရှိတယ်။ ပါသွားတဲ့ ပစ္စည်းတွေလည်း ယူဆောင်သွားတယ်။ ရေသောက်ကန်က အိမ်တွင်းပစ္စည်းတွေလည်း ယူဆောင်သွားတာတွေရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ရှောင်ပြည်သူများမှာ မိုးကာ၊ ဆေးဝါးနှင့် ရိက္ခာတို့လိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတဦးက ပြောသည်။
“ တောင်သူရာသီဆိုတော့ စစ်ရှောင်တော်တော်များများက ကိုယ့်တောင်ယာမြေထဲမှာပဲနေပြီး လုပ်ကိုင်နေကြရတယ်။ မိုးကလည်း ရွာနေတော့ မိုးအကာလုံခြုံရေးပိုင်းတွေ လိုအပ်ချက်ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်းလိုအပ်တယ်” ၎င်းကပြောသည်။
သံလမ်းလာပြင်သော ယင်းစစ်တပ်ကို PDFတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်မှု ၅ကြိမ်ခန့်ရှိကြောင်း People’s Servant Revolution – Wetlet မှရဲဘော်တဦးက ပြောသည်။
” ကျနော်တို့အဖွဲ့နဲ့ဆို စစ်ကိုင်းကနေ ဝက်လက်ဝင်လာကတည်းက ထိတွေ့တိုက်ပွဲဖြစ်တာရှိခဲ့တယ်။ ရေသောက်ကန်ကသယ်သွားတဲ့ပစ္စည်းတွေကို ရွာထောင်ကနေပြန်ပို့တာတို့ လိုအပ်တဲ့ပစ္စည်းတွေ သွားသယ်တဲ့အခါမှာလည်း ထန်းကြီးဘူတာနားမှာ ဖြစ်ခဲ့သေးတယ်” ဟု ၎င်းကပြောသည်။
ထန်းကြီး၊ ထန်းကြီးဘူတာ၊ ပေါက်ကန်ရွာမ၊ သုံးဆင့်ကန်နှင့် ကူကောင်းကျေးရွာတို့ကိုလည်း ယင်းစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
မန္တလေး-မြစ်ကြီးနားလမ်းပိုင်းကို အသုံးပြုနိုင်ရန်အတွက် ခမရ- ၃၆၄မှစစ်သားများ၊ ရဲလေ့ကျင့်ရေးတပ်ရင်း- ၃ မှရဲများနှင့် အလုပ်သမားစုစုပေါင်း အင်အား ၂၀၀ဝန်းကျင်တို့သည် စက်တင်ဘာလအစကတည်းကသံလမ်း လာပြင်နေခြင်းဖြစ်ပြီး လက်ရှိတွင် သုံးဆင့်ကန်ရွာနား၌ သံလမ်း ပြုပြင်နေကြောင်း သိရသည်။