ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် ဆက်လက်မြင့်တက်လျက်ရှိပြီး မြို့၏ ၇၀ ရာခိုင်နှုန်းကျော် မြစ်ရေဖုံးလွှမ်းခံထားရပြီဖြစ်ကြောင်း လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အောက်တိုဘာ ၉ ရက်၊ နံနက် ၆ နာရီအထိ မြစ်ရေတိုင်းထွာချက်များအရ၊ ပဲခူးမြစ်ရေသည် မူလစိုးရိမ်ရေအမှတ်ကိုကျော်လွန်ပြီး၊ ၈၄ စင်တီမီတာ ထပ်မံ မြင့်တက်လာသည့်အတွက်၊ ၁၀၀၄ စင်တီမီတာအထိ ရောက်ရှိနေပြီဟု သိရသည်။
“ ညကလည်း မိုးက မတိတ်ဘူး။ ရေထပ်မြုပ်တော့တာပေါ့။ စိုးရိမ်ရေအမှတ်ထက်ကို ကျော်နေပြီ။ ကျတော်တို့လည်း အစွမ်းကုန်ကူပေးနေပေမယ့် ငွေအားရော လူအားပါ လိုအပ်နေပါတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခင်က အနိမ့်ပိုင်းရပ်ကွက်များတွင်သာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သော်လည်း ယခုအခါ ကုန်းမြင့် အမြင့်ဆုံးရပ်ကွက်များသာ ကျန်ရှိပြီး မိုးဆက်လက်ရွာသွန်းနေပါက တာပေါင်များကျိုးကာ တစ်မြို့လုံး ရေဖုံးလွှမ်းသွားနိုင်ကြောင်း၊ ပဲခူးနှင့် နီးစပ်သည့် မြို့နယ်များ၏ အကူအညီများ များစွာလိုအပ်နေသည်ဟု ပဲခူးရေဘေးကို နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသူ ဒေသခံတစ်ဦးက ပြောသည်။
“ အရင်ကဆို အနိမ့်ပိုင်းတွေပဲမြုပ်တာ၊ အဲ့ဒီတော့ အမြင့်ပိုင်းကလူတွေက ကူညီကယ်ဆယ်ရေးတွေ လာလုပ်ပေးကြတယ်။ တစ်မြို့တည်းသားတွေ ကူညီတာပေါ့။ အခုက သူတို့ပါရေမြုပ်တော့ တို့ကို သူတို့ကလည်း မကူနိုင်မကယ်နိုင်တော့ဘူး။ တာပေါင်တွေကျိုးကုန်မှာပဲ ကြောက်တာ။ အဲ့ဒီကျရင်တော့ ထိန်းရမှာမဟုတ်တော့ဘူး။ ကျတော်တို့ကို နီးစပ်ရာမြို့တွေက ကူပေးကြပါဦး” ဟု ပြောသည်။
မြို့အတွင်း စားနပ်ရိက္ခာများ၊ ဆေးဝါးများ ပြတ်လပ်လျက်ရှိပြီး နီးစပ်ရာ မြို့နယ်များ၊ အသင်းအဖွဲ့များ၊ အလှူရှင်များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များမှ အကူအညီများလိုအပ်လျက်ရှိနေသည်ဟု လူမှုကယ်ဆယ်ရေးစေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။
မြစ်ရေမြင့်တက်နေမှုကြောင့် လူနာများအတွက် အရေးပေါ်အခြေအနေများရှိလာပါက သမာဓိအထူးကုဆေးခန်း၊ လိပ်ပြာကန်အထူးကုဆေးခန်း၊ အောင်ဆေးရုံ၊ ဒေါ်ခင်နုအထူးကုဆေးခန်း၊ Zayer Dental and General Clinic တို့တွင် အခမဲ့ကုသပေးရန် စီစဥ်ထားသည်ဟု ပဲခူးမြို့ခံ ဆရာဝန်တစ်ဦးက ပြောသည်။
“ ကျန်းမာရေးကလည်း အဓိက ကျပါတယ်။ အဲ့ဒါကြောင့် နိုင်တဲ့ဘက်က ဝန်ရောက်ပါဝင်ကြတာပါ။ ကျတော်တို့ပြောထားတဲ့ ဆေးခန်းတွေမှာ အခမဲ့ ကုသပေးနေပါတယ်။ ခွဲစိတ်လူနာတွေအတွက်လည်း ခွဲစိတ်အထူးကုဆရာဝန်ကြီး ဆရာ ဒေါက်တာ မျိုးမြင့်စိုးက ခွဲစိတ်ပေးဖို့ စီစဥ်ထားပါတယ်။ လက်ဆင့်ကမ်းပြောကြားပေးကြပါ” ဟု ဆိုသည်။
လက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူ တစ်သောင်းခွဲကျော်ရှိနေပြီဖြစ်ပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၃၀ ကျော် ဖွင့်လှစ်ထားရသည်ဟု မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ ညကတည်းက ရေဆက်တက်နေလို့ ကယ်ထုတ်ထားရတာ တစ်သောင်းခွဲကျော်သွားပြီ။ အကူအညီတောင်းထားတာတွေလည်း အများကြီးရှိသေးတယ်။ ဖုန်းလိုင်းတွေကပြတ်နေတော့ ဆက်သွယ်မရတာတွေလည်း ရှိကြတယ်။ ကျတော်တို့ အသေးစိတ် ကယ်ဆယ်ရေးလုပ်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် အထက်မှ စီးလာသည့် ရေများနှင့်ပေါင်းကာ ဇောင်းတူဆည်နှင့် ကအူးကွင်းဆယ် ရေပိုလွှဲမှ ရေကျော်ခဲ့သည့်အပြင် ပဲခူးမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်သို့ ကျော်လွန်နေသောကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။