မွန်ပြည်နယ်၊ရေးမြို့နယ်အခြေစိုက် စစ်သားများမှာ မြို့တွင်းနေရာများသို့သာ သွားလာရဲတော့ ကြောင်း သိရသည်။
ရေးမြို့နယ်အခြေစိုက် စစ်တပ်တို့မှာ လမ်းအသုံးပြုရာတွင်လည်း ဒေသတွင်း တော်လှန်ရေး အင်အားစုတို့၏ တိုက်ခိုက်မှုများကြောင့် အမှတ်(၈)ပြည်ထောင်စုလမ်းမ ကို အသုံးပြုမှုနည်းသွားပြီး အတွင်းလမ်းများသာ သုံးရဲကြတော့ကြောင်း ဒေါနစစ်ကြောင်း၊စစ်ဆင်ရေးမှူးရဲဘော်ရန်နိုင်က ပြောသည်။
“ ကိုယ့်ဘက်က ရေးမြို့နယ်ကို ရာခိုင်နှုန်းနဲ့ ဘယ်လောက် ထိန်းချုပ်နိုင်ပြီလဲ ဆိုတာထက်ကို သူတို့ရဲ့ တပ်ဝန်းထဲ၊ မြို့ထဲနေရာတွေလောက်ပဲ သွားလာတာတွေ ရှိပါတယ်” ဟု ပြောသည်။
ဒေါနစစ်ကြောင်းနှင့် မဟာမိတ်တပ်များပူးပေါင်းကာ ရေးမြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းကို ထိန်းချုပ် သွားနိုင်ရန် စစ်ရေးအရှိန်မြှင့်သွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါနစစ်ကြောင်းက ထုတ်ပြန် ထားပြီးစစ်ဆင်ရေးများ ဆောင်ရွက်နိုင်ရန်အတွက် မိုးတွင်းဖြစ်သောကြောင့် လမ်းအခက်အခဲ ၊လက်နက်ခဲယမ်း စုဆောင်းရန် နှင့် ရိက္ခာ လိုအပ်ချက်များ ရှိနေသေးသော်လည်း စစ်ရေးအရှိန် မြှင့်သွားရန်သာ ရှိ ကြောင်း ရဲဘော်ရန်နိုင်က ဆိုသည်။
” ပွင့်လင်းရာသီ ရောက်တာနဲ့ ဒီထက်ပိုပြီး စစ်ပူလာတော့မှာဆိုတော့ ပြည်သူတွေလည်း အတက်နိုင်ဆုံး အထိအခိုက်နည်းအောင်ပေါ့ ။ လက်နက်ကြီး အန္တရာယ်၊ လေကြောင်း ရန် ကာကွယ်မှု အသိပညာပေးမှုတွေလည်း အပိုင်းလိုက် ဆောင်ရွက်နေတယ် “ ဟု ၎င်း က ဆက်လက် ပြောသည်။
ဒေသခံ မဟာမိတ် ပူးပေါင်းတပ်များက စစ်ရေးအရှိန် မြှင့်မည်ဟု ထုတ်ပြန်ပြီးနောက် ရေးမြို့ ၌ လုံခြုံရေး ပိုမို တင်းကျပ်လာကြောင်း ရေးပြောက်ကျားတပ်ဖွဲ့- YGF ကဆိုသည်။
“ ခုရက်ပိုင်းမှာ စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာ ကင်းပုန်းတွေ ချလာတယ်။ အရင်ထက် စစ်အင်အား ပိုသုံးပြီး ကင်းပတ်လာတာ တွေ့ရတယ်။မဟာမိတ်တပ်တွေရဲ့ စစ်ရေးအရှိန်မြှင့်မယ်ဆိုတဲ့ထုတ်ပြန်ချက်ကြောင့် ဖြစ်မယ် ထင်တယ် “ ဟု ရေးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ကျန်ရစ် ကပြောသည်။
လက်ရှိအချိန်၌ ရေး မြို့နယ်အတွင်းရှိ အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ရေး_ ထား၀ယ် လမ်းပိုင်းကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်မှု မလုပ်သေးသော်လည်း ပြောက်ကျား တိုက်ခိုက်မှုနှင့်ပြောက်ကျား စစ်ဆင်ရေးများပြုလုပ်လျက်ရှိကြောင်း သိရသည်။
” ပွင့်လင်းရာသီ ရောက်တာနဲ့ နယ်မြေခံ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်နိုင်ဖို့ စစ်ရေးအရှိန် မြှင့်ဖို့ ပြင်ဆင်ထားပါတယ်” ဟု ၎င်း ကဆက်လက် ပြောသည်။
ဒေါန စစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင် မှ စက်တင်ဘာ အထိ ၃ လတာအတွင်း နယ်မြေခံ မဟာမိတ်များနှင့် ပူးပေါင်းကာ လက်နက်ကြီး စစ်ဆင်ရေး၊ ဒရုန်းစစ်ဆင်ေရးနှင့် မြို့ပြစစ်ဆင်ရေး ၇ ကြိမ် ဖော်ဆောင်ခဲ့ရာ စစ်သား ၂၈ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၄၀ ရှိကြောင်း ထုတ်ပြန်ထားသည်။