ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အ ထက်ကျော် ခဲ့ကာ၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း ၂၉ ခု အထိ ဖွင့်လှစ်ထားရကြောင်း ပဲခူးမြို့၊ လူမှုကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ရက်မှ စတင်ကာ ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက်၊ အထက်မှ စီးလာသည့် ရေများနှင့်ပေါင်းကာ ဇောင်းတူဆည်နှင့် ကအူးကွင်းဆယ် ရေပိုလွှဲမှ ရေကျော်ခဲ့သည့်အပြင်၊ ပဲခူးမြစ်ရေသည်လည်း စိုးရိမ်ရေမှတ်သို့ ကျော်လွန်နေသောကြောင့်၊ ရေကြီးရေလျှံမှုဖြစ်ပေါ်နေခြင်းဖြစ်သည်။
အောက်တိုဘာ ၈ရက်၊ ည ၆နာရီတွင် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်၊ ၉၉၁ စင်တီမီတာအထိ မြင့်တက်နေကြောင်း သိရသည်။
“ ဒီနေ့အထိ ရေတက်လာတာ စိုးရိမ်ရေအမှတ်က ၈၈၀ စင်တီမီတာပေါ့။အခုညနေပိုင်းကို နောက်ထက် ၈၃ စင်တီမတာမြင့်တက်လာတာ” ဟု ပဲခူးမြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ယနေ့ ၊ ညနေ ၅နာရီကျော် ခန့်တွင် ပဲခူးမြို့ရှောင်လမ်း၊ ကုက္ကိုလ်တန်းအနီးရှိ ဆည်မြောင်းမှတစ်ဆင့်လယ်ယာများသို့ ရေပေးဝေသည့် ရေပြွန်ပေါက် ၉/၈ မှာ ရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးခဲ့သည်ဟု ဆည်မြောင်းဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။
“ မြစ်ရေကြီးတော့ ဆည်တွေကလည်း ရေတက်လာတယ်။ရေတက်လာတော့ သူတို့ကို ထိန်းထားတဲ့ ရေပြွန်ပေါက် တွေက တိုက်စားခံရပြီး ပျက်စီးကုန်တာပါ။“ ဟု ဆိုသည်။
ထို့ပြင် ပဲခူးမြို့ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရေကြီးကွင်း၊ ကျောက်ကြီးစု၊ ပုဏ္ဏားစု၊ မှော်ကန်၊ ဘူတာကုန်း၊ဇိုင်းမြောက်၊ မဟာစေတီ၊ ပန်းလှိုင်၊ မဇင်း၊ အိုးလေးစု၊ ပြည်တော်သာ စသည့် ရပ်ကွက်များအပြင် လိပ်ပြာကန်၊ နာရီစင်၊ရွှေမောဓောဘုရားလမ်း အထိပါ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ အနိမ့်ပိုင်းရပ်ကွက်တွေကတော့ နှစ်စဥ်ရေကြီးရေလျှံဖြစ်နေကြပါ။ ဒါပေမယ့် အခုက ရေမကြီးဘူးတဲ့နေရာတွေပါ ရေကြီးတာ၊ အမြင့်ပိုင်းဖြစ်တဲ့ ဟင်္သာကုန်းအထိပါ ရေရောက်မယ်ဆိုရင် ပဲခူးတစ်မြို့လုံးရေကြီးမှာပါ၊ MPTနဲ့MBT wifiတွေလည်း လိုင်းတွေပိတ်နေတယ်။ တစ်ခြား လိုင်းတွေကတော့ရတယ်။” ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။
လက်ရှိအချိန်တွင် ပဲခူးမြို့အတွင်းရှိ ရပ်ကွက် ၁၁ခု နှင့် ကျေးရွာ ၆ရွာတို့တွင်၊ ယာယီရေဘေးရှောင် ကယ်ဆယ် ရေးစခန်း ၂၉ ခုအထိ ဖွင့်လှစ်ထားပြီး၊ ရေဘေးဒုက္ခသည် မည်မျှ၊ကယ်တင်ထားရသည်ကို စာရင်းကောက်ယူ လျက်ရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ လူဦးရေအတိအကျ၊ အိမ်ထောင်စုအတိအကျကိုတော့ စာရင်းကောက်နေတုန်းပါပဲ။သေချာမသိရသေးပါဘူး။ ရေက တက်လာနေတုန်းဆိုတော့ အကူအညီတောင်းခံသမျှ သွားနေရတော့ ဟိုပြေးလိုက် ဒီပြေးလိုက် ဖြစ်နေလို့ပါ။အတိအ ကျ သိရရင် ပြောပေးပါမယ်။ကယ်ဆယ်ရေးစခန်းက လောလောဆယ် ၂၉ခုဖွင့်ထားတယ်။ထပ်တိုးချဲ့ရမယ်ထင်တယ်။လူကများတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ပဲခူးဘူတာကုန်းရပ်ကွက်ရှိ ရထားဘူတာရုံ ရေကြီးရေလျှံမှုဖြစ်ပွားနေသည့်အတွက် ရထားခရီးစဥ်များ ရပ်နားထားရကြောင်း၊ ယခုနှစ် ပဲခူးမြို့ရေကြီးမှုသည် စံချိန်တင်ရေကြီးမှုဖြစ်ကြောင်းလည်း ဒေသခံများက ပြောကြားသည်။




