စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ ပေါ်ဦးရပ်ကွက်ရှိ အရပ်သားပြည်သူအချို့ကို ယခုအောက်တိုဘာလအတွင်း စစ်တပ်နှင့် ပျုစောထီးများက လာရောက်ရှာဖွေပြီး စစ်အာဏာရှင် ဆန္ဒပြသည်ဟုဆိုကာ တန့်ဆည်မြို့နယ် မြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့ အောက်တိုဘာလ ၈ ရက်နေ့အထိ ဖမ်းဆီးခံရသည့် အရပ်သားပြည်သူ ၉ ဦးရှိနေပြီး ပေါ်ဦးရပ်ကွက်ရှိ ဒေသခံ တစ်ထောင်ကျော်သည်လည်း အရေးပေါ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။
” ဟိုနေ့ ညကပဲ စစ်လက်နက် အပြည့်အစုံနဲ့ လာဖမ်းတာ။ ဆန္ဒပြဖူးတဲ့သူတွေ ဖမ်းတယ်လို့ပြောတယ်။ ညကြီးကို လာဖမ်းသွားတာ။ ညဉ့်နက်မှ လာလာရှာတာ ဘာသဘောမှန်းမသိဘူး။ အခုတော့ တစ်ရွာလုံးနီးပါး ကလေး၊ လူကြီး မရွေး အကုန်ပြေးနေရတာ” ဟု ထွက်ပြေးတိမ်းရှောင်နေသူ ပေါ်ဦးရပ်ကွက်မှ ပြည်သူတစ်ဦးက MPA သတင်းဌာနသို့ ရှင်းပြသည်။
ပေါ်ဦးရပ်ကွက်၊ ရွှေဘုံကျောင်းအနီး နေထိုင်သည့် အရပ်သားပြည်သူများမှာ အများဆုံး ဖမ်းဆီးခံရခြင်းဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့ တစ်ရက်တည်းတွင် ၆ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု စုံစမ်းသိရှိရသည်။
“လင်မယား ရန်ဖြစ်ရာကနေ စတာပါ။ အမျိုးသမီးကို စစ်တပ်က ဖမ်းသွားတယ်။ စစ်ကြောရေးပို့တယ်။ သူက ဟိုးတုန်းက ဆန္ဒစပြတုန်းက လူတွေရဲ့ နာမည်ကို ဖော်တာ။ တစ်ရပ်ကွက်လုံးက သူထင်တဲ့နာမည် အကုန်လျှောက်ပြောတော့တာပဲ။ အဲ့ဒါကြောင့် အကုန်ထွက်ပြေးနေရတယ်” ဟု ပေါ်ဦးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
ယခုလ အောက်တိုဘာ ၃ ရက်နေ့မှစတင်ကာ ညပိုင်းအချိန်များတွင် ဒေသခံများကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးလေ့ရှိပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် အရပ်သားပြည်သူ ၃ ဦးနှင့် ၆ ရက်နေ့တွင် ၆ ဦး ထပ်မံဖမ်းဆီးခံရကာ စုစုပေါင်း ၉ ဦးရှိနေပြီ ဖြစ်သည်။ ၎င်းတို့အားလုံး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။
” တန့်ဆည်လို့သာ ခေါင်းစဥ်တပ်ထားတာပါ။ ကျတော်တို့ ဦးဆောင်နေတာပါ။ မြို့ပေါ်က လူတွေကတော့ လုံး ဝမပါပါဘူး။ လုံခြုံဘေးကင်းတဲ့ နေရာမျိုးမှာ လက်ရှိ ဆန္ဒပြ၊ လူထုဟောပြောပွဲတွေ လုပ်နေကြတာပါ။ အခုလက်ရှိ ဆန္ဒပြနေကြတဲ့ လူငယ်တွေတော့ တစ်ယောက်မှ မပါပါဘူး။ ဘေးကင်းလုံခြု့စွာနဲ့ ရှိနေပါတယ်” ဟု တန့်ဆည်သပိတ်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ပေါ်ဦးရပ်ကွက်ရှိ ဒေသခံ တစ်ထောင်ကျော်အနေဖြင့် ထွက်ပြေး တိမ်းရှောင်နေရပြီး နေအိမ်သို့ ပြန်လာနိုင်ခြင်း မရှိသေးကြောင်း စုံစမ်းသိရှိရသည်။