ရှမ်းပြည်နယ် မြောက်ပိုင်းရှိ၊ တရုတ်-မြန်မာနယ်စပ်၊ မူဆယ်မြို့၊ ကျင်စန်းကျော့-ဝမ်တိန် ဂိတ်မှတစ်ဆင့် တရုတ်ပြည် သို့ ကုန်တင်ပို့မည့်၊ ကုန်တင်ယာဉ်မောင်းများအား၊ တစ်ပတ်ကတ် (TBP)၊ ထုတ်ပေးနေကြောင်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ကုန်တင်ယာဉ်မောင်းများအား တစ်ပတ်ကတ်(TBP) ထုတ်ပေးနေ ခြင်းဖြစ်ပြီး၊ ရှန်တိန်စနစ်အစား(အစားထိုးယာဉ်မောင်းစနစ်)၊ ကုန်တင်ယာဉ်မောင်းကိုယ်တိုင် တရုတ်ပြည်အတွင်းသို့ တိုက်ရိုက်မောင်းနှင်နိုင်ပြီဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။
“ဟုတ်တယ်။ ကားသမားတွေအတွက် ရှန်တိန်စနစ်အစား တစ်ပတ်ကတ်ကို ထုတ်ပေးနေပြီ။ သစ်သီးကုန်တင်ကား သမားတင်မဟုတ်ဘူး။ ကျန်တဲ့ကားသမားတွေလည်း သွားလို့ရတယ်။ မှတ်ပုံတင်၊ အိမ်ထောင်စုရှိရင်ရတယ်”ဟု ကုန်သည် တစ်ဦးကပြောသည်။
ထိုကဲ့သို့ တစ်ပတ်ကတ် (TBP)ဖြင့် တရုတ်ပြည်သို့ ဝင်ရောက်မည့်၊ ကုန်တင်ယာဉ်မောင်းများအတွက် ပွဲရုံများမှ ကုန်ပစ္စည်း တင်ဆောင်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်၏ ကိုယ်ရေးအချက်အလက်များကို၊ ကုန်စည်ဒိုင်သို့ တစ်ရက်ကြိုတင် စာရင်းပို့ရမည်ဖြစ်ကြောင်း သိရသည်။
“အခုဝင်ထွက်သွားလာနေကြပြီ။ ကျင်စန်ကျာ့ကနေ တရုတ်ပြည်က သတ်မှတ်ထားတဲ့ အထိ ကားကို တိုက်ရိုက် မောင်းလို့ရတယ်။ အရင်တုန်းကလို ဌားစရာမလိုတော့ဘူး” အမည်မဖော်လိုသူ ကုန်တင်ယာဉ်မောင်း တစ်ဦးက ပြောသည်။
ထို့ပြင် ကုန်တင်ယာဉ်မောင်းများအနေဖြင့် တစ်ပတ်ကတ် (TBP) လျှောက်ထားရာ၌ အမည်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားပါ လိပ်စာ၊ အိမ်ထောင်စုဇယားတွင် ပါရှိသည့် EID နံပါတ်၊ ကားနံပါတ်၊ ဖုန်းနံပါတ်၊ ပွဲရုံအမည်များ လိုအပ်ကြောင်း၊ မူဆယ်မြို့ရှိ သစ်သီးဝလံကုန်စည်ဒိုင်က အောက်တိုဘာလ ၅ ရက်က ထုတ်ပြန်ထားသည်။
ကိုဗစ်စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ခုနှစ်မှစတင်ကာ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ရာ၌၊ ကုန်တင်ယာဉ်မောင်း များအား တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်မပြုတော့ဘဲ အစားထိုးယာဉ်မောင်းစနစ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ၊ ယခုလမှစတင်၍ တစ်ပတ်ကတ် (TBP) ဖြင့် ကုန်တင်ယာဉ်မောင်းများ တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့်ပြုပြီး၊ ကုန်ပစ္စည်းများ တင်ပို့ခွင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။