စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ ကြံ့ခိုင်ရေးပါတီ အဖွဲ့ဝင် အချို့သည် ပျူစောထီးသင်တန်းတက်ရောက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံအနှံ့တွင် ပျူစောထီးသင်တန်းများပေးလျက်ရှိရာ ယမန်နေ့( အောက်တိုဘာ ၇ရက် ) က ၊အင်းတော်မြို့နယ်တွင် ပျူစောထီးသင်တန်း၊ ဒုတိယအသုတ် သင်တန်းဆင်းပွဲကို အင်းတော်မြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း၊ Indaw Revolution – IR ထံမှ သိရသည် ။
” ပထမအသုတ်ကိုက စက်တင်ဘာလထဲမှာ လုပ်တာ ။ အခုက ဒုတိယအသုတ်ပေါ့။ တစ်ခါပေးရင် သင်တန်းသား အယောက် ၂၀ ပါတယ်။ မနေ့က သင်တန်းဆင်းတယ်။ အခုတော့ နားခါ ၊ နဘားစတဲ့ မြို့နဲ့နီးတဲ့ရွာတွေမှာ သွားလာလှုပ်ရှားနေတယ်လို့ သိရတယ်ဗျ “ ဟု Indaw Revolution – IR အဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည် ။
အင်းတော်မြို့နယ်တွင် ပျူစောထီးသင်တန်း၊ တက်ရောက်သူများသည် စစ်ကောင်စီမှ ဖိအားပေးခြင်းမဟုတ်ဘဲ၊ ကြံခိုင်ရေးပါတီဝင်များက ၎င်းတို့ စိတ်ဆန္ဒအတိုင်း တက်ရောက်ခြင်းဖြစ်ကြောင်း၊ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
” အတင်းအကျပ်လိုက်ခေါ်တာမဟုတ်ဘူးဗျ ။ သွားတက်တဲ့သူတွေက တက်ချင်လို့ကို သူတို့ဟာသူတို့ သွားတက် ကြတာ၊ ရွာတစ်ရွာကို နည်းနည်းစီပေါ့။ တစ်ယောက်၊ နှစ်ယောက်စီ အဲ့ဒီလိုမျိူး ။ ကြံတောတို့ ၊ စဉ့်ဟောက်တို့ ။ ကြံတောရွာကတော့ နည်းနည်းများတယ် ။ သင်တန်းကတော့ အင်းတော် စစ်တပ်ကုန်းနဲ့ မနီးမဝေးနေရာလောက်မှာ ပေးတယ်ကြားမိတယ်ဗျ ” ဟု ၎င်းကပြောသည် ။
စစ်တပ်အာဏာသိမ်းပြီးနောက် အင်းတော်မြို့တွင် စစ်တပ်ထောက်ခံသူများ၊ သတင်းပေးများကို တော်လှန်ရေးအဖွဲ့ များက ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပျူစောထီးများမရှိခဲ့သော်လည်း၊ ယခုနောက်ပိုင်းတွင် ဒလန်ရှင်း လင်းရေးများ လုပ်ဆောင်မှုမရှိသောကြောင့်၊ ပျူစောထီးများ ပြန်လည်အားကောင်းလာခြင်းဖြစ်သည်ဟု အင်းတော် ဒေသခံ တစ်ဦးက ရှင်းပြသည်။
” ကျွန်တော်တို့အင်းတော်မှာက ဒလန်တွေရှိတယ် ။ တော်လှန်ရေးအစမှာ ဒလန်တွေ၊ ပျူစောထီးခေါင်းဆောင် တွေရှင်းလင်းရေးလုပ်ခဲ့တယ်။ အခုကြတော့ သိပ်မလုပ်နိုင်တော့ သူတို့က ခေါင်းပြန်ထောင်လာပြီး၊ သင်တန်းတွေသွား တက်ကြတဲ့သဘောပါပဲ ။ သွားတက်ကြတဲ့သူအများစုကတော့ ကြံ့ခိုင်ရေးပါတီတို့ နှင်းဆီပါတီတို့ကို ထောက်ခံကြ တဲ့သူတွေများတယ် “ ဟု ဒေသခံတစ်ဦးကပြောသည် ။
စစ်ကောင်စီ အာဏာသိမ်းပြီး၊ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှစ၍ ပျူစောထီးသင်တန်းများပေးခြင်းကို လုပ်ဆောင်လာခဲ့ ခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာအထိ သင်တန်းပေးခြင်း ၊ ပျူစောထီးရွာများ စွဲ့စည်းခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။