ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာရှိ ရထားဘူတာ စစ်ဘေးရှောင်စခန်း၌ ကလေးငယ် (၃) ဦး ဆော့ကစားနေစဉ် မြေမြှုပ်မိုင်းပေါက်ကွဲခဲ့သဖြင့် (၁) ဦး သေဆုံးခဲ့ပြီး (၂) ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့် ကလေးငယ်များမှာ စစ်ရှောင်စခန်း တောင်ဘက်ခြမ်းရှိ ဓာတ်တိုင်တစ်ခုအနီးတွင် ဆော့ကစားနေစဉ် မြေကြီးအား တူးဖော်ခဲ့ရာမှ မိုင်းကို ထိမိခဲ့သဖြင့် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“ စခန်းတောင်ဘက်ခြမ်းမှာ အုန်းခနဲ အသံကြားလို့ သွားပြေးကြည့်တော့ ကလေး (၃) ယောက် လဲကျနေတာကို တွေ့ခဲ့ရပါတယ်။ ကလေးတွေက မြေကြီးတူးဆော့ရင်း မြေအောက်မှာရှိနေတဲ့ မိုင်းကို သွားတူးမိပုံရပါတယ်။ မိုင်းကို တူးမိတဲ့ ကလေးကတော့ ဆုံးသွားခဲ့ပြီး ဘေးက ကလေး (၂) ယောက်ကတော့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ယိုးတရုတ်ကျေးရွာမှ ဒေသခံတစ်ဦးက MPA သို့ ပြောကြားခဲ့သည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည့် ကလေးငယ်များမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဘုတ္တောကျေးရွာမှ ယိုးတရုတ်ကျေးရွာရှိ ရထားဘူတာ စစ်ရှောင်စခန်းတွင် လာရောက် ခိုလှုံနေကြသူများဖြစ်ကြောင်း သိရသည်။
မိုင်းထိမှန်ခဲ့သည့် ကလေးငယ် (၃) ဦးကို ယိုးတရုတ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကလေးငယ် (၁) ဦးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သလို ကျန်ကလေး (၂) ဦးအနက် (၁) ဦးမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် စစ်တွေဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရကြောင်း ဒေသခံလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
“ မိုင်းပေါက်တာ ကလေးတွေ ထိတယ်ကြားလို့ ကျတော်တို့ရောက်သွားခဲ့ပြီး မိုင်းထိတဲ့ ကလေးတွေကို ဆေးရုံပို့ဆောင်ပေးခဲ့ပါတယ်။ တစ်ယောက်ကတော့ ဆေးရုံအရောက်မှာ ဆုံးသွားပါတယ်။ ကျန် (၂) ယောက်မှာ (၁) ယောက်ကလည်း စိုးရိမ်ရတဲ့အခြေအနေမို့ စစ်တွေဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့ရပါတယ်” ဟု ဒေသခံလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူမှာ အသက် (၁၀) နှစ်အရွယ်ရှိ မောင်နေတိုးဟိန်းဖြစ်ပြီး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သူများမှာ အသက် (၈) နှစ်အရွယ်ရှိ မောင်မျိုးဇော်ဟိန်းနှင့် အသက် (၆) နှစ်အရွယ်ရှိ မောင်မျိုးချစ်ဦးတို့ဖြစ်ကြောင်း ဒေသခံများက အတည်ပြုပေးခဲ့သည်။
သေဆုံးခဲ့သည့် မောင်နေတိုးဟိန်းနှင့် မောင်မျိုးဇော်ဟိန်းတို့မှာ ညီအစ်ကိုများ ဖြစ်ကြပြီး ၎င်းတို့ (၂) ဦးစလုံး၏ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် မိုင်းစထိမှန်သည့် ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် (၂၀၂၂) ခုနှစ်က စစ်ကောင်စီတပ်များနှင့် ရက္ခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ တကျော့ပြန် ဖြစ်ပွားခဲ့သည့် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရထားဘူတာ စစ်ရှောင်စခန်း၌ ယာယီစခန်းချ တပ်စွဲနေထိုင်မှုများ ပြုလုပ်ခဲ့ပြီး ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းသည် ၎င်းတို့ ထောင်ထားခဲ့သည့် မိုင်းများအနက် တစ်လုံးဖြစ်နိုင်ကြောင်း ဒေသခံများက မှတ်ချက်ပေးခဲ့သည်။
“ တကျော့ပြန် တိုက်ပွဲကာလတုန်းက ရက္ခိုင့်တပ်တော်က လာတိုက်မှာစိုးပြီး စစ်သားတွေ ဒီစခန်းပတ်ပတ်လည်မှာ ထောင်ထားခဲ့ဖူးတဲ့ မိုင်းတွေရှိပါတယ်။ သူတို့တပ်ပြန်ဆုပ်သွားတော့ ပြန်တူးသွားတယ်ဆိုပေမယ့် လက်လွတ်စပယ် တူးသွားတာဆိုတော့ ကျန်ခဲ့တာတွေရှိတယ်။ အခုပေါက်တာက အဲ့ဒီထဲက တစ်လုံးပဲနေမှာ” ဟု စခန်းတွင် နေထိုင်သူတစ်ဦးက MPA သို့ ရှင်းပြသည်။
မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်း တွေ့ရှိရမှုနှင့် ပေါက်ကွဲမှုများသည် နေပြည်တော်မှလွဲ၍ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ မြို့နယ်ပေါင်း ၉၆ မြို့နယ်တွင် ဖြစ်ပွားခဲ့ပြီး မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ အရပ်သားများအပေါ် ခြိမ်းခြောက်မှု ပိုမိုပျံ့နှံ့လာခြင်းအပေါ် စိုးရိမ်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂမှ ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။


