မကွေးတိုင်း၊ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် မသန်စွမ်းလူငယ် တစ်ဦး ခြေထောက်ကျည်ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၇ ရက်၊မွန်းလွဲ ၁၂ နာရီခွဲခန့်တွင်ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ် စခန်းချရာ မြို့နယ်ရုံးပေါင်းစုံကို ဒေသကာကွယ်ရေးတပ်ဖွဲ့ Myingyan Black Tiger-MBTက သွားရောက်ပစ်ခတ်ပြီးနောက် မြို့အနှံ့ရှိ စစ်ကောင်စီကင်းပုန်းများက ရမ်းသန်းပစ်ခတ်ရာ မသန်စွမ်းလူငယ်အမျိုးသား ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
“PDFတွေ ရုံးပေါင်းစုံကို လာပစ်ပြီးတော့ ၁၂နာရီ ၄၅ မိနစ်လောက်မှာ စည်ပင်သာယာရပ်ကွက် ပိုလီယိုဖြစ်နေတဲ့သူ လမ်းမှာသွားနေရင်း အပစ်ခံလိုက်ရတယ်လို့ကြားတယ်”ဟု ၎င်း ကပြောသည်။
၎င်း မသန်းစွမ်းလူငယ်၏ ခြေထောက်ထိမှန်ဒဏ်ရာမှာ မစိုးရိမ်ရကြောင်းနှင့် ဆေးရုံတက် ကုသခွင့်ရခဲ့ကြောင်း သိရသည်။
ရေစကြိုရုံးပေါင်းစုံ တိုက်ပွဲမှာ အပြန်လှန်ပစ်ခတ်ချိန် ၅ မိနစ်ခန့်ကြာပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်း MBT က ထုတ်ပြန်ထားသည်။
“ ရုံးပေါင်းစုံရဲ့ ရှေ့မျက်နှာစာကင်းမှာ စစ်သား ၃ ယောက်လောက်ပဲရှိတယ်။အဲ့ဒီအနားကို ၄၀ (မမ) နဲ့ပစ်ခဲ့တာပါ။ပစ်တာက ဆိုင်ကယ်ပေါ်ကနေပစ်တာ။သူတို့ဘက်က လိုက်ပစ်တယ်။မြို့အနှံ့ ချထားတဲ့ ကင်းပုန်းတွေက ပစ်တာ။ကျနော်တို့ကလည်း ပြန်ပြီး ကင်းပုန်းတွေကို ဖြတ်ပြီး ပြန်ပစ်တယ်” ဟု MBT တာဝန်ခံ ဗိုလ်မိုက်ခဲ ကပြောသည်။
မွန်းလွဲ၂နာရီခန့်တွင် ရေစကြိုမြို့ ပြည်သူဆေးရုံကြီးမှ ဆရာဝန်တစ်ဦးကို ဒဏ်ရာရရှိသည့် စစ်သားများအား ဆေးကုသရန် ရုံးပေါင်းစုံထဲသို့ ခေါ်ဆောင်သွားကြောင်းသိရသည်။
“ခုနောက်ပိုင်း ဒီကောင်တွေက ညဘက်တွေဆို ကင်းမလှည့်ရဲဘူး။ခုညတော့ သူတို့ရှိတဲ့ မြို့ထဲဘက်ခြမ်းကိုတော့ ကင်းပုန်းတွေ ခပ်စိတ်စိတ်ချထားတာ သိရတယ်”ဟု Myingyan Black Tiger စစ်ကြောင်း-၂ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ရေစကြိုမြို့ပေါ်တွင် ယခင်ထက်ပို၍ ကင်းပုန်းများချထားကြောင်းသိရသည်။