ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကိုင်းကွင်းအုပ်စု၊ ကိုင်းကွင်းရွာနှင့် ထန်းကုန်းရွာကြားတွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို PDF ပူးပေါင်းတပ်ဖွဲ့များမှ Sniper ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူထံမှ စုံစမ်းသိရှိရသည်။
အောက်တိုဘာ ၆ ရက်၊ ညနေ ၄ နာရီအချိန်ခန့်၌ အင်အား ၂၅ ဦးပါသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
” သူတို့စစ်ကြောင်းထွက်လာထဲက ကျတော်တို့ point ကင်းသမားတွေက ကြိုတင် ခန့်မှန်ပြီး လာနိုင်တဲ့ လမ်းကြောင်းကို ကြိုတင်ပိတ်ဆို့ ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီ တာဝါတိုင်စခန်းက ရိုးမအခြေပြုထားတဲ့ စကစရဲ့ ရိက္ခာလမ်းကြောင်းရော သူတို့အတွက် ဗျူဟာကျတဲ့ စခန်းလဲ ဖြစ်ပါတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီဘက်မှ ၎င်းတို့ တိုက်ခိုက်ခံရချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
” ကျတော်တို့ဘက်က Sniper နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မျက်မြင် သူတို့ဘက်က ၂ ယောက်ထိပြီး လဲကျသေဆုံးသွားတာ အတိကျပါ။ ကျန်တဲ့ ဒဏ်ရာရတဲ့ သတင်းက မြေပြင်သတင်းပါ။ အရင် အဲ့စခန်းကို တစ်ခါ ဝင်ပစ်ခဲ့ဖူးပါတယ်။ ခန့်မှန်း အင်အားက ပျူအပါ ၅၀ လောက် အထိုင်ချထားတဲ့စခန်းပါ” ဟု ပြည်ခရိုင်တပ်ရင်း ၃၆၀၂ ၏ ပြောရေးဆိုခွင့်ရှိသူက ဆက်ရှင်းပြသည်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို ပြည်ခရိုင်တပ်ရင်း ၃၆၀၁ – PPDF ၏ Sniper တပ်ဖွဲ့၊ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ တပ်ခွဲ ၅ နှင့် ပြည်ခရိုင်တပ်ရင်း ၃၆၀၂၊ တပ်ခွဲ၄ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
” တာဝါတိုင်စခန်းက ထွက်လာတဲ့ သူတို့စစ်ကြောင်းရဲ့ ဦးတည်ချက်ကိုတော့ ကျတော်တို့ အတိအကျမသိဘူးဗျ။ ဒါပေမယ့် သူတို့က အမြဲလိုလို ပဲခူးရိုးမထဲမှာ စစ်ကြောင်းလှည့်လည်သွားလာနေတာမျိုးပါဗျ “ ဟု ပြည်ခရိုင်တပ်ရင်း ၃၆၀၁ – PPDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ပြည်ခရိုင်အတွက် တိုက်ခိုက်ရေးဒရုန်းများလိုအပ်နေပြီး စစ်ကောင်စီတပ်များအား စစ်ဆင်ရေးပြုလုပ်ရာတွင် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ကျည်များ အလုံအလောက်ရှိပါက ယခုထက်ပိုမိုထိရောက်သည့် စစ်ဆင်ရေးများလုပ်ဆောင်နိုင်မည်ဟု ၃၆၀၁ – PPDF ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း သိမ်ကုန်းတာဝါတိုင်စခန်းမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို ပြည်ခရိုင်တပ်ရင်း ၃၆၀၂ နှင့် ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။ ယင်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်များ သေဆုံး၊ ဒဏ်ရာရရှိမှုအပေါ် MPA အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

