တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပ ပြီး စီး ခဲ့ကြောင်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲကို အောက်တိုဘာ၇ရက်က ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲ(၂၀၂၃)ကို ဆန်ဖရန်စစ္စကိုက Sunset ဘောလုံးကွင်းမှာ ကျင်းပခဲ့တာပါ” ဟု ၎င်းက ပြောသည်။
တော်လှန်ရေးရန်ပုံငွေ ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဘောလုံးအသင်း ၆ သင်းရှိပြီး ယမန်နေ့က ဗိုလ်လုပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပါဝင်ယှဉ်ပြိုင်ခဲ့သူတစ်ဦးက ပြောသည်။
“ အသင်းက ၆သင်းပတ်လည်ကန်တာပေါ့။မနေ့ကတော့ ဗိုလ်လုပွဲနဲ့ တတိယနေရာလုပွဲလုပ်တာပါ။အသင်းတွေက King FC, Sacramento Best FC, Oakland Karen Youth FC, DC United, Central Valley FC နဲ့ Bayarea Mi Palimia FCတို့ပါ” ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၁၆ရက်နေ့မှစတင်ကာ ကယ်လီဖိုးနီးယားပြည်နယ်၊ဆန်ခရမ်မဲန်တိုမြို့တွင် NUG ပြည်ထောင်စုဝန်ကြီးချုပ်ဖလား ရန်ပုံငွေဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနှင့် အုပ်စုပတ်လည်ပွဲများကျင်းပခဲ့ပြီးဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ၏ တာဝန်ရှိသူက ပြောသည်။
“ ဒီပွဲကို Free Burma Action Committee-Northern California ကဦးစီးကျင်းပပေးတာပေါ့။အဓိကက ရန်ပုံငွေရအောင်ပါ” ဟု ၎င်းက ပြောသည်။
ရန်ပုံငွေဘောလုံးပြိုင်ပွဲမှ ရရှိခဲ့သည့် အလှူငွေများကို အမျိုးသားညီညွတ်ရေး အစိုးရနှင့် အခြား တော်လှန်ရေး အဖွဲ့များထံ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။








