မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ၊ စစ်တက္ကသိုလ် (DSA) ဗိုလ်လောင်းများနှင့် စစ်ဗိုလ်များအား ရှေ့တန်းပို့ရန် စစ်ကောင်စီ ခေါင်းဆောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် ရွေးချယ်ခဲ့ကြောင်း၊ ယင်းတပ်တွင်းရှိ သတင်း ရင်းမြစ်က MPA သို့ ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်တွင် ဗိုလ်ချုပ်မှူးကြီး၊ မင်းအောင်လှိုင်သည် ပြင်ဦးလွင်မြို့ရှိ စစ်ဆေးရုံ နှစ် ၁၀၀ ပြည့် နှစ်ပတ်လည် နှင့် ၎င်း၏ သားဖြစ်သူ၊ အောင်ပြည့်စုံအား ဆောက်လုပ်ခွင့် ချထားပေးခဲ့သည့်၊ ပြင်ဦးလွင်၊ ကုတင် ၇၀၀ ဆန့် ကင်ဆာကုသဆောင် ဖွင့်ပွဲသို့ လာရောက်ရာ၌ ထိုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လာရောက်စဥ်အတွင်း၊ စစ်ကောင်စီခေါင်းဆောင် ကိုယ်ရံတော်တပ်ဖွဲ့တွင် လူအင်အားအများအပြားသုံး ထားကြောင်း၊ ၎င်းနေထိုင်ရာ အခန်းရှေ့၌ ဝတ်စုံပြည့်ဖြင့် စစ်ကောင်စီတပ်သားတစ်ဦးက ၂၄ နာရီ တာဝန်ယူထား ရကြောင်း သိရသည်။
ကုတင် ၇၀၀ ဆန့် ကင်ဆာကုသဆောင်၊ ဖွင့်ပွဲပြီးသည့်နောက်၊ အောက်တိုဘာ ၅ ရက်နေ့တွင်၊ စစ်ကောင်စီ ခေါင်းဆောင် ကိုယ်တိုင် စစ်တက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး၊ DSA ဗိုလ်လောင်းများနှင့် စစ်ဗိုလ်များအား ရှေ့တန်း သို့လွှတ်ရန် ရွေးချယ်ခဲ့ကြောင်း သိရသည်။
“ မင်းအောင်လှိုင်က ကစထမှူး(စစ်ဆင်ရေးအထူးအဖွဲ့မှူး)တွေနဲ့ လျို့ဝှက်ပြီးရွေးတာ။ ဘယ်သူတွေပါမလဲ ဆိုတာ ဘယ်သူမှမသိရဘူး။ ရှေ့တန်းမသွားချင်လို့ များများကန်တော့နိုင်ရင် ဝင်ငွေကောင်းတဲ့ GE လို နေရာမျိုးမှာ ဆောက်လုပ်ရေးတာဝန်ခံ ၃ ပွင့် ဗိုလ် အဖြစ် ရတာပေါ့။ မကန်တော့နိုင်ရင် ရှေ့တန်းသွားရတာပဲ။” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ရွေးချယ်သည့်နေ့တွင် စစ်တက္ကသိုလ်ဝန်းအတွင်းသို့ မည်သူမျှဝင်ခွင့်မရဘဲ၊ လုံခြုံရေးအထူးတင်းကျပ်ခဲ့ကြောင်း၊ ဗိုလ်လောင်းမည်မျှရွေးချယ်ထားသည်ကို မသိရှိရသေးကြောင်း၊ စစ်တက္ကသိုလ် ပြင်ပ လမ်းဘေးရှိ စတိုးဆိုင်များသာ မက၊ လမ်းဘေးဆိုင်များကိုပင် ပိတ်ခိုင်းခဲ့ကြောင်း သိရသည်။
“ မဆင်းရသေးတဲ့ ဗိုလ်လောင်းရော၊ သင်တန်းဆင်းပြီးသား ဗိုလ်တွေရော အကုန်ရောပြီး သူ့စိတ်ကြိုက် ရွေးတာ။ ဗိုလ်လောင်းတွေကတော့ သေတွင်းထဲရောက်မှာမသိဘဲ ပျော်နေကြတာပဲ။” ဟု ထိုအရာရှိက ပြောသည်။
“ သူလာတဲ့နေ့က အောက်တိုဘာ ၁ ရက်နေ့။ ပြင်ဦးလွင်ဘူတာ လမ်းဆုံကနေ ရွာသစ်ကလေးထိ လမ်းပိတ်ထားတာ။ ကျောင်း သမားတွေ၊ ရုံးသမားတွေ နဲ့ နေ့စားသမားတွေ တော့ ဘယ်လို မှ သွားမရဘူး။ နေ့လယ် ၁၁ နာရီမှ လမ်းဖွင့် တာ။” ဟု ပြင်ဦးလွင်ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ရွေးချယ်ထားသည့် ဗိုလ်လောင်းများနှင့် စစ်ဗိုလ်များကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများရှိ ရှေ့တန်း စစ်မျက်နှာပြင်များသို့ ပို့ဆောင်ရန် ရွေးချယ်ထားခြင်းဖြစ်သည်ဟု ကနဦးစုံစမ်းသိရှိရသည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်နှင့် ၎င်း၏ သားဖြစ်သူ အောင်ပြည့်စုံတို့သည် ပုံစံမျိုးစုံဖြင့် ဂရန်ထုတ်ယူ သည့် မြေကွက်ဧရိယာများ ရှိနေပြီး၊ လက်ရှိတွင်လည်း ပြင်ဦးလွင်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းမှန်သမျှကို သမီးဖြစ်သူ၊ ခင်သီရိသက်မွန်မှ လက်ဝါးကြီးအုပ်ထားကြောင်း သိရသည်။
“ အခုလည်း ပြင်ဦးလွင်တစ်မြို့လုံးမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်း အကုန်လုံးက မင်းအောင်လှိုင် သမီးချည်းဘဲ၊ ယူထားတော့ GE တပ်က ဘာအလုပ် မှ မရှိဘူး။” ဟု ပြင်ဦးလွင် GE တပ်မှ အရာရှိတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့၌၊ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)ရှိ တပ်ရင်းမှူး၊ ဗိုလ်မှူး နေအောင်က ၎င်း၏အိမ်ထောင်ရေးအရှုပ်အရှင်းပြသနာများကို အမျိုးသမီးဖြစ်သူအား ပြန်လည် တင်ပြသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရပ်သားဝန်ထမ်းနှစ်ဦးကို တိုက်ပိတ်စစ်ဆေးကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ အကြောင်းအရာနှင့်ပက်သက်၍ MPA မှ ရေးသားခဲ့ရာ၊ ယင်းတပ်ရင်းမှူးကို ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ်မှ ဗိုလ်ချုပ်ကိုယ်တိုင်လာရောက်စစ်ဆေး၍ တစ်ပတ်အတွင်း တပ်ပြောင်းရွေ့မှု့ပြုလုပ်ခဲ့ပြီး၊ မည်သည့်နေရာသို့ပြောင်းရွေ့ခဲ့သည်ကို မသိရှိရပေ။
စစ်တပ်အာဏာသိမ်းပြီးနောက် တပ်အတွင်း တပ်ပြေးများ များပြားလာခြင်း၊ အမိန့်မနာခံမှုများပြားလာခြင်း၊ တပ်တွင်းနှင့် တပ်ပြင်ပ အဆက်အသွယ်ဖြတ်တောက်ထားခြင်းများကြောင့်၊ တပ်တွင်းစည်းလုံးမှုပြိုကွဲမှုများပြား လာသည့်အတွက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၊ မင်းအောင်လှိုင်နှင့် ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့သည် အောက်ခြေတပ်ရင်းများထံ သွားရောက်ကာ စည်းရုံးရေးဆင်းနေရ ကြောင်းလည်းသိရသည်။