စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်မြောက်ဘက်သို့ စစ်ကောင်စီတပ် ဝင်ရောက်လာသဖြင့် ပြည်သူ တစ်သောင်းကျော် မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
အောက်တိုဘာ ၆ရက်နေ့က ရေဦးမြို့ပေါ်မှ ထွက်လာသော စစ်ကြောင်းသည် မွန်းလွဲ ၂နာရီခန့်တွင် ရေဦးမြို့မြောက်ဘက်၊ ဖိန်းကားကျေးရွာသို့ စတင်ဝင်ရောက်ခဲ့ပြီး ယနေ့ (အောက်တိုဘာ ၇ရက်နေ့) မွန်းတည့် ၁၂နာရီဝန်းကျင်က ရေဦးမြို့ အနောက်မြောက်ဘက်၊ ဇဝကျေးရွာသို့ ရောက်ရှိလာသဖြင့် ကျေးရွာ ၁၆ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ – ထောက်ပံ့ရေး အဖွဲ့ထံက သိရသည်။
ယင်းသို့စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ရွာသစ်၊ နဘောင်၊ ဖိန်းကား၊ အုန်းတပေါင်း၊ ဗိုလ်ရုံ၊ပန်းကုံး၊ ကန်ပေါက်၊
ဖလံဂုဏ်၊ ဇဝ၊ နှောကုန်း၊ ကုန်းကြီး၊ ကုန်းတန်း၊တောင်ကုန်း၊ မြင်းပေါက်၊ ဝက်ဖိုးနှင့် ရွာမိဿာကျေးရွာတို့မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
” မိုးထဲရေထဲထွက်ပြေးနေကြရတယ်။ လက်ရှိတော့ ဘေးလွတ်ရာ စစ်ရှောင်လက်ခံရာဌာနတွေမှာ နေထိုင်ဖို့စီစဥ်ပေးထားပါတယ်။ မိုးထဲရေထဲ ပြေးကြရတော့ လမ်းတွေကမကောင်းဘူး။ ပြေးကြရတာ ဒုက္ခတော့ရောက်ကြရတာပေါ့” ဟု ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ-ထောက်ပံ့ရေး အဖွဲ့မှ ကိုထူးခန့်ဇော် (အမေ့သား) က MPA သို့ပြောသည်။
ယင်းစစ်ရှောင်များသည် စောင်၊ ခြင်ထောင်၊မိုးကာ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများလိုအပ်နေကြောင်း သိရသည်။
” လူကြီးပိုင်းတွေရောပါတော့ ဆေးဝါးအဓိကလိုတယ်။ ကျန်တာက အဲ့လောက်မဟုတ်ဘူး။ ဆောင်းတွင်းပိုင်းလည်း ရောက်တော့မယ်ဆိုတော့ စောင်၊ ခြင်ထောင်လည်းလိုမှာ။ ဘာလို့ဆို အကုန်လုံး မီးထဲပါထားကြတာ” ဟု စစ်ဘေးရှောင်ပြည်သူများနှင့် နီးစပ်သူတဦးက MPA သို့ပြောသည်။
ယင်းစစ်ကြောင်းသည် ယနေ့ ည ၇နာရီခွဲအချိန်ထိ ဇဝကျေးရွာတွင်သာ ရှိနေပြီး PDFတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုမရှိသေးကြောင်း ရေဦးမြို့နယ်ပကဖ အဖွဲ့ဝင် ကိုပေက ပြောသည်။
” ဒီအတိုင်း သက်သက်ထိုးတာ။ ခုထိတော့ လှုပ်ရှားမှုမရှိသေးဘူး။ သူတို့က ပြောက်ကျားလုပ်နေတာဆိုတော့ အင်အားက ခန့်မှန်းလို့မရသေးဘူး။ လက်တံမူးဘောင်နဲ့ နှောကုန်းကျေးရွာဘက်မှာလည်း ကင်းပုန်းဝပ်နေတာရှိတယ်” ဟု ၎င်းကပြောသည်။
ယင်းစစ်ကြောင်းသည် အောက်တိုဘာ ၆ရက်နေ့က ဖိန်းကားကျေးရွာအနီးရှိ ပြည်သူပိုင် စူပါဖိုက်ဆန်စက်မှ ဆန်အိတ်များကို ရေဦးမြို့ပေါ်သို့ သယ်ဆောင်းသွားကြောင်း သိရသည်။