စစ်ကောင်စီတပ်က ပြီးခဲ့သည့် အောက်တိုဘာ ၃ရက်တွင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်ရှိ ကျေးရွာသုံးရွာအား၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့်၊ ဒေသခံပြည်သူ ၁၀၀၀ ကျော် တိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ ကျေးရွာ ၃ ရွာသည် သိန္နီ-လောက်ကိုင် ကားလမ်းပေါ်ရှိ ကွန်ကောက်၊ ပိန်းဟုန်းနှင့် တန့်ခန့် ကျေးရွာ တို့ဖြစ်သည်။
“စစ်ကောင်စီက ရွာထဲကို လက်နက်ကြီးတွေနဲ့ပစ်လာတာ။ ရွာသားတွေလည်း အကုန်ပြေးသွားတယ်။ တစ်ချို့လည်း ဘာမှမယူလိုက်ရဘူး။ ပြေးသွားတယ်။ ဘယ်နေရာ တိမ်ရှောင်လည်းတော့ သေချာမသိဘူး”ဟု အမည်ဖော်လိုသူ ကွန်ကောက်ရွာခံ တစ်ဦးက ရှမ်းဘာသာစကားဖြင့် ဖြေကြားသည်။
စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံများ ထိခိုက်မှုမရှိသော်လည်း၊ နေအိမ် ၅လုံး ပျက်စီးခဲ့ကာ၊ တိုက်ပွဲများဖြစ်ပွားလာမည်ကို၊ ဒေသခံများက စိုးရိမ်မှုများရှိနေကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်များသည် ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုသည် KIA မှ ကျေးရွာများအတွင်း တပ်စွဲထားမှုကြောင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်မှုများရှိနေသည်။
“ကျွန်တော်ပြောချင်တာက ဘယ်တိုင်းရင်းသားလက်နက်ကိုင်မဆို ပြည်သူတွေကို အကာအကွယ်ယူပြီး မလုပ်သင့်ဘူး။ KIA က ကွန်ကောက် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ပြီးတော့။ ရွာခံ အိမ်ထဲမှာလည်း လူစုခွဲပြီးနေနေ ကြတယ်။ သူတို့က စစ်ကောင်စီ ပစ်လာမှကို သိသိနဲ့ ပြည်သူတွေ ထိခိုက်အောင်လုပ်နေတာ။ စစ်ကောင်စီကလည်း၊ပြည်သူတွေ ရွာထဲမှာ ရှိနေမှန်းသိသိနဲ့ကို လက်နက်ကြီး ပစ်လာတယ်”ဟု တန့်ခန့်ရွာခံ တစ်ဦးက ပြောသည်။
ထို့ကြောင့် သန္နိမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများသည် ကျေးရွာများအတွင်း၊ မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်စွဲနေထိုင်ခြင်းမပြုရန်၊ မေတ္တာရပ်ခံမှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။
ထိုကဲ့သို့ KIA တပ်ဖွဲ့များမှ ကျေးရွာများအတွင်း တပ်စွဲထားမှုနှင့် ပတ်သက်ပြီး KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကို၊ ဖုန်းဖြင့် ၅ ကြိမ် ဆက်သွယ်ခဲ့သော်လည်း၊ လက်ခံဖြေကြားခဲ့ခြင်းမရှိပေ။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင်၊ ယခုနှစ် ဇွန်လကုန်မှ စတင်ကာ စစ်ကောင်စီတပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။