ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကြို့ပင်ဆိပ်ရွာရှိ စစ်ကောင်စီ ကင်းစခန်းကို၊ PDF ပူးပေါင်းတပ်ဖွဲ့များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ၊ စစ်သား ဆယ်ဦးသေဆုံးခဲ့ကြောင်း၊ ပဲခူးတိုင်းစစ်ဒေသခွဲ၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုဝေယံ က MPA သို့ ပြောသည်။
ယနေ့ (အောက်တိုဘာ ၇ ရက်)၊ မနက် ၅ နာရီခွဲခန့်တွင် အနောက်ရိုးမရှိ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စု၊ ကြို့ပင်ဆိပ်ကျေးရွာရှိ၊ အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီ ကင်းစခန်းကို၊ PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ခန့်မှန်းခြေအင်အားကတော့ ၃၀ နဲ့ ၅၀ ကြားရှိတယ်။ ကျွန်တော် တို့ဘက်ကတော့ ရဲဘော်တစ်ဦး ထိခိုက်ဒဏ် ရာရပါတယ်ဗျ။” ဟု ပဲခူးတိုင်းစစ်ဒေသခွဲ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဝေယံ ကပြောသည်။
ထိတွေ့တိုက်ပွဲသည် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး၊ စစ်ကောင်စီတပ်မှ စစ်ကူများရောက်ရှိလာသဖြင့် ပူးပေါင်းတပ်ဖွဲ့များမှ စခန်းအားသိမ်းပိုက်နိုင်ခြင်းမရှိဘဲ၊ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“ ကျွန်တော်တို့ လက်နက်ခဲယမ်းကတော့ မရဘူး။ စစ်ကူတွေရောက်လာတဲ့အတွက် ပြန်လည်ပြီးတော့ ဆုတ်ခွာခဲ့ ပါတယ်။” ဟု ကိုဝေယံက ပြောသည်။
အဆိုပါ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF၊ တောင်ငူခရိုင် တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၅) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ အခုတော့ စစ်တပ်က ခြေရှုပ်နေတယ်။ မနက်ဝေလီဝေလင်းဆိုတော့ ကျွန်မတို့လည်း ဘာဖြစ်မှန်းမသိဘူး။ နောက်မှ PDF တွေက ကင်းစခန်းကို ဝင်တိုက်သွားတယ်လို့ သိရတယ်။ ပဲခူးကတော့ PDF တပ်တွေလည်းရှိလာတော့ တိုက်ပွဲ ကတော့ မကြာခဏဖြစ်နေတာပါပဲ။ “ ဟု ကြို့ပင်ဆိပ်ရွာဒေသခံတစ်ဦးက ပြောသည်။
ပဲခူးတိုင်းဒေသကြီးတွင် KUN/KNLA တပ်မဟာ (၂) နှင့် (၃)တို့ အခြေစိုက်ပြီး၊ ဒေသခံကာကွယ်ရေးတပ်များနှင့် ပူးပေါင်းကာ၊ စစ်ရေးလှုပ်ရှားမှု့များပြုလုပ်လျက်ရှိကြောင်း၊ မကြာမှီ မြို့တွင်းတိုက်ပွဲများဖော်ဆောင်မည်ဟု KNU တပ်မဟာ (၂)၊ တောင်ငူခရိုင်မှ PDF ရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်၌၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ၊ ဘီးချောင်းကုန်းတွင် အင်အား (၁၀၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၆)ဦးသေဆုံးကာ၊ (၂၀)ကျော် ဒဏ်ရာရရှိခဲ့ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၁)ဦး ကျဆုံးခဲ့သည်။