မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ တောင်ခင်ရန်းရွာရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်သားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ရဲစခန်းအနီး ကတုတ်ကျင်းတူး၍ ဘန်ကာများဆောက်လုပ်နေသည့် စစ်ကောင်စီနှင့်လက်အောက်ခံတပ်သားများကို ယနေ့(အောက်တိုဘာ၇ရက်)၊ မနက်၈နာရီအချိန်ခန့်တွင် ABSDF အမှတ်(၁၂)တပ်ရင်း၊ ဂန့်ဂေါခရိုင်PDFတပ်ရင်း များနှင့် ပကဖ ရဲဘော်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ရန်သူကလည်း ကတုတ်ကျင်းတူးနေတဲ့အချိန်၊ အဆောက်အဦးတစ်ခုလည်း ဆောက်နေတဲ့အချိန်မှာ ကျတော်တို့က 306စနိုက်ပါနဲ့ ချောင်းမြောင်းပြီးတော့ ပစ်ခတ်ခဲ့တာပေါ့” ဟု ABSDF တပ်ရင်း (၁၂)၊ ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က MPAသို့ပြောသည်။
၁၅မိနစ်ကြာပစ်ခတ်မှုအတွင်း ရဲတစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး၊ စစ်ကောင်စီက စခန်းပတ်ပတ်လည်သို့ ရမ်းသမ်းပစ်ခတ် မှုများပြုလုပ်ခဲ့သော်လည်း၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
တောင်ခင်ရန်းရဲစခန်းတွင် စစ်သား၊ ရဲနှင့် ပျူစောထီးစုပေါင်းအင်အား ၇၀ခန့်ရှိပြီး ၎င်းတို့အနေဖြင့် စခန်းအထိုင် အဖြစ်သာရှိကာ၊ ကျေးရွာနှင့်ရဲစခန်းပတ်လည် နယ်မြေများကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထား သောကြောင့်၊ စစ်ကောင်စီနှင့်လက်အောက်ခံတပ်ဖွဲ့ဝင်များသည် ရဲစခန်းအနီးတွင် ဘန်ကာ၊ ကတုတ်ကျင်းများ ဆောက်လုပ်၍ ရဲစခန်းကို ကာကွယ်နေကြခြင်းဖြစ်သည်ဟု သိရသည်။
” PDFက သူတို့ကိုပိတ်ထားတာ။ တော်တော့်တန်တန်တော့ မထွက်ရဲဘူး။ ဒါပေမဲ့ ဟိုတစ်နေ့ ၊(အောက်တိုဘာ၅ရက်) ကတော့ စခန်းထဲကထွက်ပြီး သာလင်းဘက်(ရဲစခန်းအနီး)က အိမ်၆လုံး မီးရှို့သွားသေးတယ်။ အဲ့ဒီနားအိမ်တွေမှာ PDF တွေနေပြီး သူတို့ကို လာတိုက်တယ်ဆိုပြီး ရှို့တာထင်ပါတယ်” ဟု တောင်ခင်ရန်းရွာဒေသခံတစ်ဦးက MPAသို့ပြောသည်။
တောင်ခင်ရန်းရွာသည် စစ်ကောင်စီ၏ ပျူစောထီးအဖွဲ့ထဲသို့ ဝင်ရောက်ရန်အဓမ္မစေခိုင်းမှုများကြောင့် ပြီးခဲ့သည့် မေလအတွင်း ပြည်သူအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး၊ ရဲစခန်းအနီးရှိ သာလင်းရွာပြည်သူများ သည်လည်း၊ နေရပ်စွန့်ခွာနေကြရသည်ဟု စုံစမ်းသိရှိရသည်။