စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ မြောက်ခြမ်း၌ စစ်ကောင်စီက ကားလမ်းပိတ်ထားသောကြောင့်၊ တောင်သူများသည် ကောက်ပဲသီးနှံများကို တစ်ဝက်စျေးဖြင့် ရောင်းချနေရေကြောင်း ဒေသခံတောင်သူများထံမှ စုံစမ်းသိရှိရသည်။
” မနှစ်ကတည်းကဘဲ၊ ကန့်ဘလူမြောက်ခြမ်း၊ ကောလင်းနဲ့ကန့်ဘလူကြားက ရွာတွေပေါ့၊ သွားရောင်းဖို့ လမ်းတွေ ကလည်း ဟိုဘက်(စစ်ကောင်စီ)က ပိတ်ထားတယ်။ သူတို့နဲ့ အဆင်ပြေတဲ့သူလောက်ပဲ သွားလို့ရတယ်။ ဘယ်သူမှ လည်း လာမဝယ်ရဲကြဘူးလေ၊ သွားလည်း ရောင်းလို့ မရတော့၊ ရတဲ့ ဈေးနဲ့ပဲ ရောင်းနေကြရတယ် “ ဟု ဒေသခံတစ်ဦး က ပြောသည်။
ယမန်နှစ် (၂၀၂၂ခုနှစ်)မှစတင်ပြီး၊ ၎င်းဒေသများတွင် အဓိက စိုက်ပျိုးသီးနှံများဖြစ်သည့် ပြောင်း၊ ပဲစင်းငုံနှင့် ပဲအမျိုးမျိုးတို့ကို တစ်ဝက်ဈေးနှုန်းဖြင့်သာ ရောင်းချနေရကြောင်းသိရသည်။
” ပြောင်းတို့ဆိုရင် တစ်ခြား ဒေသတွေဆီမှာ (၁၇၀၀၀) ပေါက်ဈေးရှိတယ်၊ ဒီဘက်မှာ တစ်တင်းမှ (၁၀၀၀၀)လောက် နဲ့ပဲ ရောင်းရတယ်၊ ပဲစင်းငုံတွေဆိုလည်း သူများဆီမှာ (၇၀၀၀၀)လောက် ပေါက်မှ ဒီမှာ (၄၀၀၀၀)လောက်နဲ့ ရောင်းရ တာ၊ အဲ့ဒါတောင် အနီးနားက ရွာကို လှည်းနဲ့ သွားပို့ပြီး ရောင်းရတယ်၊ အခုဒီနှစ်ဆိုရင် လာဝယ်မယ့်သူတွေက မရှိတော့၊ အခု ပြောင်းတစ်တင်း (၁၄၀၀၀)ပေါက်နေတာတောင် ဒီဘက်က ဈေးမရှိတော့ဘူး၊ ဈေးကွက်ကို မရှိတော့တာပါဘဲ” ဟု ဒေသခံတောင်သူတစ်ဦး က ပြောသည်။
ထို့ပြင် ကန့်ဘလူမြို့၊ မြောက်ခြမ်းသို့ စစ်ကောင်စီတပ်များသည် မကြာခဏစစ်ကြောင်းထိုးကာ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများနှင့် PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများကြောင့် ကောက်ပဲသီးနှံပွဲစားများသည် ကျေးရွာများသို့ ဆင်းကာ ဝယ်ယူရန် ကြောက်ရွံ့မှုများဖြစ်ပေါ်နေကြောင်းလည်း သိရသည်။
” ကျွန်တော်တို့လည်း မသွားရဲကြဘူးလေ၊ ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းကလည်း ပိတ်ထားတယ်။
နောက်ပြီး လမ်းပေါ်မှာ ရှိတဲ့ ရွာတွေကလည်း ပျူရွာတွေဖြစ်နေတာလည်း ပါတာပေါ့၊ အဲဒီတော့ ကောလင်း ဘက်သွားချင်ရင်တောင်မှဘဲ၊ ဗျူဟာလမ်းဘက်ကနေကို ပတ်သွားနေရတာ၊ ကျွန်တော်တို့ကလည်း ဆင်းမဝယ်ရဲ၊ ဝယ်တဲ့သူကလည်း အခုဆို မရှိသလောက်ပါဘဲ၊ အဲ့ဒါကြောင့်မို့ အဲဒီဘက်က တောင်သူတွေလည်း ရောင်းချင်တာ ရောင်းမရနဲ့ အခက်တွေ့နေကြတာပေါ့ “ ဟု သီးနှံအရောင်းအဝယ်လုပ်သူ ပွဲစားတစ်ဦးက ပြောသည်။
ထိုသို့ အခက်အခဲများကြောင့် နဂါးဘော်၊ အုတ်ခင်း၊ ပင့်သာ၊ အင်းမ စသည့်ရွာများမှာ နေရပ်စွန့်ခွာ သွားသူများလည်းရှိပြီး၊ ၎င်းကျေးရွာများ၌ စစ်ကောင်စီတပ်မှ တောတိုက်များတွင် တောင်သူလုပ်ငန်း လုပ်ကိုင်ခွင့်မပြုဘဲ၊ ရွာအနီးအနားပတ်ဝန်းကျင်ရှိ လယ်ယာများတွင် လုပ်ကိုင်ရကြောင်းလည်း သိရသည်။
ကန့်ဘလူမြို့နယ်၊ မြောက်ခြမ်း၌ ရွာလုံးကျွတ် မီးရှို့ခံရမှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုများလည်း ရှိပြီး ပြီးခဲ့သည့်နှစ် (၂၀၂၂ခုနှစ်) နိုဝင်ဘာ ၆ရက်နေ့တွင် အသက်မပြည့်သေးသော (၈)တန်းကျောင်းသားတစ်ဦးအပါအ၀င် ဒေသခံပြည်သူ (၁၄)ဦး၊ ကိုးတောင်ဘို့တိုက်နယ်၌ မီးရှို့သတ်ဖြတ်ခံခဲ့ရဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သေးသည်။