ချင်းပြည်နယ်၊ မတူပီမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ချင်းကာကွယ်ရေးတပ်(မတူပီ)က စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးပြီး၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိကာ ပြန်လည်ဆုတ်ခွာသွားရကြောင်းသိရသည်။
မတူပီမြို့၊ ခလရ(၁၄၀)တပ်မှ အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် ဟားခါး-မတူပီလမ်းပေါ်သို့ စစ်ကြောင်းထိုးလာစဥ် ယမန်နေ့ (အောက်တိုဘာ၆ရက်)၊ နေ့လယ် ၁၂နာရီ ခန့်တွင် ခရိုင်ရုံးနှင့် ငလိုင်ကျေးရွာကြား၌ ကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့ထိတွေ့ အပြန်အလှန်ပစ်ခတ်တာတော့ နာရီဝက်လောက်ပါပဲ။ အထိအခိုက်ကတော့ အနီးကပ် စစ်ကောင်စီရဲ့ လက်နက်ကြီးအဖွဲ့ထဲက ၂ယောက်ကတော့ ပွဲချင်းပြီးသေသွားတာကို တွေ့ရတယ်။ ကျန်တဲ့ အဖွဲ့တွေလည်း ထိခိုက်ဒဏ်ရာရနိုင်တယ်ပေါ့နော်” ဟု ချင်းကာကွယ်ရေးတပ်(မတူပီ)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဂျွန်ကိမ်းက MPA သို့ပြောသည်။
နာရီဝက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ခရိုင်ရုံးဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြပြီး၊ CDF (မတူပီ) ဘက်မှလည်း အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်ဟုဆိုသည်။
ယင်းနောက် နေ့လယ်၁၂နာရီမှ ညနေ၄နာရီခန့်အထိ၊ စစ်ကောင်စီဘက်မှ တိုက်ပွဲဖြစ်ပွားရာနေရာနှင့် CDF (မတူပီ)ဘက်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ မြို့ထဲမှာတော့ ငြိမ်တယ်။ တိုက်ပွဲက မြို့ပြင်တွေဘက်လောက်ပဲဖြစ်ကြတာ။ စစ်တပ်က တစ်ခါတစ်လေ ဧည့်စာရင်းစစ်တာလောက်ပဲရှိတယ်၊ မြို့ပေါ်တော့” ဟု မတူပီမြို့ဒေသခံတစ်ဦးက MPAသို့ပြောသည်။
မတူမီမြို့ပေါ်တွင် စစ်ကောင်စီ အင်အား ၄၀၀ခန့်ရှိပြီး၊ ခလရ (၁၃၀)နှင့် ခလရ (၁၄၀)တို့အပါအဝင်၊ နေရာ ၅ခုခန့်၌ အထိုင်ချတပ်စွဲထားသည်ဟု ဒေသခံများထံက စုံစမ်းသိရှိရသည်။