ပဲခူးတိုင်း၊ ပြည်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသော၊ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၂ နှစ်ပြည့်၊ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော်ပူဇော်ခံပွဲကို စစ်ကောင်စီမှ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။
ပြည်ရွှေဆံတော်ဘုရားပွဲသည် နှစ်စဉ်ကျင်းပလေ့ရှိသော်လည်း၊ ကိုဗစ်ကာလမှစတင်၍ စစ်ကောင်စီအာဏာသိမ်းခဲ့ သည့် ၂၀၂၁ ခုနှစ်အထိ ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ဘုရားပွဲအား ပြုလုပ်ခဲ့သော်လည်း စည်ကား ခြင်းမရှိခဲ့သောကြောင့်၊ ယခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု ပြည်မြို့ ဒေသခံ တစ်ဦးက MPA သို့ ပြောသည် ။
” ဘုရားပွဲက သေချာမလုပ်နိုင်တာ ၅နှစ်ရှိပြီရှင့် ။ ကိုဗစ်နဲ့ နိုင်ငံရေးနဲ့ ။ ဒီနှစ်တော့ စွယ်တော်ကြီးနှစ် ပုံစံလုပ်မယ်ကြား တယ် ။ ပြင်လဲပြင်ဆင်နေကြပြီလေ ။ တကယ်တော့ ထုံးစံအရဆို ဒီနှစ်က စွယ်တော်ကြီးနှစ်မဟုတ်ဘူး ။ စွယ်တော် ကြီးနှစ်က သုံးနှစ်တစ်ကြိမ်လုပ်တာဆိုတော့၊ ၂၀၂၁ တုန်းက ပွဲလုပ်ရမှာ မလုပ်ဖြစ်လိုက်ဘူးလေ၊ အခုတော့ ၅နှစ်စာ ပေါင်းပြီး စွယ်တော်ကြီးပွဲလုပ်မယ်လို့ ကြားတယ်ရှင့်။ မနှစ်ကတော့ ဘုရားပွဲလုပ်သေးတယ်။ မြို့ခံတွေက ဘယ်သူမှ မသွားတော့ စည်ကားမှုမရှိခဲ့ဘူးလေ “ ဟု မြို့ခံ ပြည်သူတစ်ဦးက ပြောသည် ။
ပြည်ရွှေဆံတော်ဘုရားပွဲနှင့် မြတ်စွယ်တော်ပူဇော်ခံပွဲကို နှစ်စဉ်၊ တန်ဆောင်မုန်းလဆန်း ၈ရက်မှ တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်အထိ၊ ၁၀ရက်တာ ကျင်းပလေ့ရှိပြီး၊ ယခုနှစ်တွင် ပွဲတော်အတွက် ပြင်ဆင်မှုများပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ဘုရားဂေါပကအဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
” လူကြီးတွေကတော့ ရပ်ကွက်အလိုက် ယိမ်းတွေထွက်နိုင်ဖို့အတွက် အစည်းအဝေးတွေလုပ်နေကြပြီ၊ အခုဆို သုံးကြိမ်ရှိပြီ၊ အစည်းအဝေးလုပ်တာလေ၊ ဘယ်နှစ်ယိမ်းဖြစ်မလဲတော့မသိ ၊ ခါတိုင်းတော့ ၇ယိမ်းထွက်တယ် ။ ပွဲတော်ကာလအတွင်း ဘုရားပေါ်မှာ တေးဂီတနဲ့ဖျော်ဖြေတာကတော့ နေ့တိုင်းရှိမယ် ။ ပြီးတော့ မြတ်စွယ်တော် တိုက်ရှေ့မှာ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေ အလှူခံကြတဲ့ဟာလည်း ထုံးစံအတိုင်းရှိမယ်။ အခုဆို ဘယ်ကျောင်း၊ ဘယ်ရက်လဲဆိုတာ မဲတောင်နှိုက်ပြီးကြပြီလို့ပြောတယ် ” ဟု ၎င်းက ပြောသည် ။
ယင်းဘုရားပွဲတော်သည် ပြည်မြို့၏ အထွက်အမြတ်ထားရာ ဘာသာရေးပွဲဖြစ်သော်လည်း၊ စစ်ကောင်စီမှ ကျင်းပပေး သည့်အတွက် ပြည်မြို့သူ၊ မြို့သားများအနေဖြင့် သပိတ်မှောက်သင့်ကြောင်း ရွှေတောင်မြို့နယ်နေ နိုင်ကျဉ်းဟောင်း တစ်ဦးကပြောသည် ။
” ကျွန်တော်က ရွှေတောင်သားဆိုပေမဲ့၊ ပြည်နဲ့ ရွှေတောင်ဆိုတာ ကင်းကွာလို့မရဘူးလေ ။ ပြည်ရွှေဆံတော်ဘုရားပွဲ ဆိုတာ ကျနော်တို့ငယ်ငယ်ထဲက အမြဲသွားပြီးလည်နေကြ ။ ဒါပေမဲ့ ရိုးရာကိုထိန်းသိမ်းပြီးလုပ်တဲ့ပွဲဆိုရင်တောင် ပြည်သူတွေကိုသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီက လုပ်တဲ့ပွဲဖြစ်တဲ့အတွက် ဘွိုင်းကောက်ရမှာပဲဗျ ။ ဘုရားပွဲမှာ အိုးစည်သံတွေဘယ်လောက်ကျယ်နေပါစေ အညာကပြည်သူတွေ ၊ တိုင်းရင်းသားဒေသတွေက ပြည်သူ တွေရဲ့ လေယာဉ်သံ ၊ ဗုံးသံတွေပဲ ကြားနေရမှာဘဲ၊ အဲ့ဒီဘုရားပွဲကိုသာ သွားပြီးပျော်ရွှင်နေကြမယ်ဆိုရင် ဘာနဲ့တူ မလဲဆိုတော့ အသုဘအိမ်ကဖဲဝိုင်းမှာ ဖဲနိုင်လို့ပျော်နေတဲ့အသံတွေနဲ့ ဘာမှခြားမှာမဟုတ်ဘူး “ ဟု ၎င်းက ပြောသည် ။
စစ်ကောင်စီသည် ဘုရားပွဲဈေးတန်းအား စည်ကားစေရန်၊ ၂၀၂၂ ခုနှစ်က ပွဲဈေး၊ ဈေးဆိုင်ခန်းများအား အခမဲ့စီစဉ်ပေးခဲ့ သည်ဟု သိရပြီး ယခုနှစ်အတွက် မည်ကဲ့သို့စီစဉ်ထားသည်ကို MPA အနေဖြင့် အတည်မပြုနိုင်သေးပေ။

