စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊သီးလုံးပျူစောထီးကျေးရွာအတွင်း ညဘက် ကင်းမစောင့်နိုင်သည့် အိမ် ထောင်စုများကို ကျပ် ၅၀၀၀၀ ဒဏ်ရိုက်ကြောင်းသိရသည်။
စက်တင်ဘာလအတွင်းမှစ၍ ညဘက် ကင်းစောင့်ရန် ယောကျ်ားသားမရှိသည့် အိမ်ထောင်စုဆိုလျှင် ကင်းကြေးအဖြစ် ပျူစောထီးများထံ ကျပ် ၅၀၀၀၀ ဒဏ်ကြေး ပေးဆောင်ရကြောင်း ယင်းရွာမှ ထွက်ပြေး လာသူတစ်ဦးကပြောသည်။
“ရွာမှာနေတော့ ညဘက်ဆို ကင်းစောင့်ရတယ်။အဆင်လည်းမပြေပါဘူး။ခုဆို မစောင့်နိုင်ရင် ပိုက်ဆံပေးရတယ်။၅၀၀၀၀ ကနေ အထက်ပဲပေးရတာ”ဟု ၎င်းကပြောသည်။
ရွာမှ ထွက်သွားလျှင် PDF တို့က သတ်လိမ့်မည်ဟု ပျူစောထီးတို့က ခြိမ်းခြောက်ကြောင်းလည်း သိရသည်။
“အဲ့လိုကြောင့် ရွာမှာပဲ တဒိုင်းဒိုင်းကြားထဲနေ နေရတာ။ငှက်ပျောတုံးလေး တစ်တုံးဖက်ပြီး ရေထဲက လာခဲ့ရတာပါ။တကယ်လက်တွေ့ PDF ဆီရောက်တော့ နတ်ပြည်ရောက်သလို အောက်မေ့ပါတယ်။ကျုပ်တို့ကတော့ လွတ်လပ်ပါပြီ”ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းကျေးရွာအတွင်းမှ ထွက်ပြေးကြသော ပြည်သူများအပါအဝင် ပျူစောထီးများ၏ နေအိမ်နှင့်ပစ္စည်းများကို ပျူစောထီးအမာခံတို့က လုယက်ဖျက်ဆီးပြီး ထွက်ပြေးသူတို့ ပိုင်သည့် လယ်ယာများတွင်လည်း အဓမ္မဝင်ရောက်လုပ်ကိုင်ကြကြောင်းသိရသည်။
“နွားကြီးဇော်ဦးနဲ့ထွန်းမင်း ဦးဆောင်ပြီး ပြည်သူတွေကိုဖိအားပေးနေတာ။သူ့ရဲ့ပျူတွေကိုလည်း စစ်ကြောင်းလိုက်ရင်လိုက်၊ ကင်းစောင့်ရင်စောင့် မလုပ်နိုင်ရင် ၅၀၀၀၀ ပေးရမယ်လို့ ခြိမ်းခြောက်ငွေတောင်းတာမျိုးတွေလုပ်နေတယ်”ဟုဒေသတွင်း PDF ဗိုလ်မိကျောင်းတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
သီးလုံးကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် အိမ်ထောင်စု ၁၀၀ ဝန်းကျင်ကို ဗိုလ်မိကျောင်းတပ်ဖွဲ့က နေရာချထားပေးပြီး စားနပ်ရိက္ခာများ ကူညီပေးနေကြောင်းလည်းသိရသည်။
သီးလုံးရွာထဲတွင်ပင် ပျူစောထီးခေါင်းဆောင် နွားကြီးဇော်ဦးနှင့် ထွန်းမင်းတို့ သတ်သဖြင့် သေဆုံးသွားသူ ဒေသခံ ၄ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
“ကြံ့ခိုင်ရေးပါတီဝင်တချို့တောင် သူတို့လုပ်ရပ်ကို မကြိုက်ကြလို့ ရွာမှာမနေတော့ဘူး”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် သီးလုံးကျေးရွာ၌ ပျူစောထီး အိမ်ထောင်စု ၂၀ ခန့်နှင့် ပြည်သူအိမ်ထောင်စု ၅၀ ခန့်ရှိပြီး စုစုပေါင်းလူဦးရေ ၄၀၀ ဝန်းကျင်ခန့်ရှိကာ အလှည့်ကျ ညဘက် ကင်းစောင့်ရကြောင်းသိရသည်။