တာမွေမြို့နယ်၊ ကျောက်မြောင်း (အထက်) ရပ်ကွက်၊ ဩဘာလမ်းအတွင်းရှိ 1 Stop Mart ဆိုင်ကို ယနေ့ (အောက်တိုဘာလ ၄ ရက်) ညနေ (၆) နာရီဝန်းကျင်က ဓားများကိုင်ဆောင်ထားသည့် လူငယ် (၄) ဦးမှ ဝင်ရောက်လုယက်ခဲ့ပြီး လုယက်မှုကျူးလွန်သူများအနက် (၃) ဦးကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကျောက်မြောင်းအတွင်းရှိ လူစည်ကားရာ နေရာတစ်ခုဖြစ်သော ဩဘာလမ်းနှင့် ဒဂုံသီရိလမ်းထောင့်အနီး၌ ဖွင့်လှစ်ထားသည့် 1 Stop Mart ဆိုင်ကို ဓားရှည်များအပါအဝင် ဓားများကိုယ်စီ ကိုင်ဆောင်ထားသည့် လူငယ် (၄) ဦးက ဝင်ရောက်လုယက်ခဲ့ခြင်းဖြစ်ပြီး လုယက်မှုကျူးလွန်နေစဉ် ဆိုင်အပြင်ဘက်မှ ရပ်ကွက်နေပြည်သူများက ဆိုင်ဝန်ထမ်းအမျိုးသမီး (၂) ဦးကို ဓားဖြင့်ထောက်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဆိုင်က အပေါက်တစ်ပေါက်တည်းရှိပြီး အဲ့ဒီအပေါက်ကလည်း ကျဉ်းကျဉ်းလေးပါ။ အဲ့ဒီဘေးမှာက ငွေရှင်းကောင်တာရှိပြီး ဒီကောင်တွေက အဲ့ဒီငွေရှင်းကောင်တာနောက်မှာရှိတဲ့ ဝန်ထမ်းကောင်မလေး (၂) ယောက်ကို ဓားနဲ့ ထောက်ထားတာကို ဆိုင်လာတဲ့ အခြားကာစတန်မာတွေက စတင်တွေ့ရာကနေ ရပ်ကွက်ထဲက လူတွေ အုံလာတာဖြစ်ပါတယ်။ လူတွေအုံလာတော့ သူတို့လည်း ပြန်ထွက်မရတော့ဘဲ အချိန်ကြာနေခဲ့ပြီး ထွက်လာတာနဲ့ အပြင်ကလူတွေက ဝိုင်းဖမ်းကြတာဖြစ်ပါတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက MPA သို့ ပြောသည်။
ဓားထောက်လုယက်မှုဖြစ်ပွားခဲ့သည့် 1 Stop Mart ဆိုင်သည် တာမွေမြို့နယ် ရဲစခန်းနှင့် နီးစပ်စွာတည်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အချိန်အတွင်း ပြည်သူအချို့မှ ရဲစခန်းအား ဆက်သွယ်အကြောင်းကြားမှုများ ပြုလုပ်ခဲ့သော်လည်း ရဲများ လာရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
“ စခန်းနဲ့က အော်ခေါ်ရင်တောင် ကြားရတဲ့နေရာမှာရှိတာ။ အဲ့ဒါကို လူအချို့က ဒီလို ဒီလိုဖြစ်နေတယ်ဆိုပြီး ဖုန်းဆက်တာတောင် ရဲတစ်ယောက်မှ ရောက်မလာဘူး။ အဲ့ဒီတော့ ပြည်သူတွေကပဲ လုံးထွေးသတ်ပုတ်ပြီး ကျူးလွန်တဲ့ကောင်တွေကို ဖမ်းဆီးခဲ့ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ရပ်ကွက်နေပြည်သူများမှ လုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့သဖြင့် ဓားထောက်လုယက်မှုကျူးလွန်သူ (၄) အနက် (၃) ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီးနိုင်ခဲ့သော်လည်း (၁) ဦးမှာ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
လူယက်မှု ကျူးလွန်သူများသည် အသက် (၁၅) နှစ်ခန့်သာရှိသေးသည့် လူငယ်များ ဖြစ်ကြပြီး ဓားရှည် (၁) လက်နှင့် ဓားမြှောင်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရပ်ကွက်နေပြည်သူများ၏ စစ်ဆေးမှုအရ ကျူးလွန်သူများမှာ သီဟဝင်း၊ ကောင်းခန့်ဖြိုးနှင့် လမင်းအောင်တို့ဖြစ်ကြပြီး ၎င်းတို့ကို တာမွေရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ အပြင်မှာ လူတွေများလာတော့ ပြန်ထွက်မရတော့တာနဲ့ လူတွေကို ရန်ပြုဖို့ ကြိုးစားတာ။ ရပ်ကွက်ထဲကလူတွေကလည်း သူတို့ ထွက်လာတာနဲ့ ဝိုင်းပြီးတော့ကို လုံးထွေးသတ်ပုတ်ပြီး ဖမ်းကြရတယ်။ ဖမ်းမိသွားပြီး ဝိုင်းစစ်တော့မှ အသက် ၁၅ နှစ်လောက်ပဲရှိတဲ့ လူငယ်လေးတွေ ဖြစ်နေတာသိရတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အတွင်းရှိ လူစည်းကားရာ နေရာများတွင်ပါ လုယက်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်းလာကြပြီး ရဲစခန်းများသို့ အကြောင်းကြားမှုများ ပြုလုပ်သော်လည်း ပြစ်မှုကျူးလွန်သူများကို ရဲများမှ လာရောက်ဖမ်းဆီးခြင်းမရှိဘဲ ပြည်သူများမှ ဝိုင်းဝန်းဖမ်းဆီးကာ စခန်းများသို့ သွားရောက်ပို့ဆောင်ပေးနေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က ကျောက်မြောင်းဈေး ကားမှတ်တိုင်အနီး၌ အမျိုးသားတစ်ဦးက အမျိုးသမီးငယ်တစ်ဦးထံမှ ဆွဲကြိုးလုယူကာ ဓားဖြင့် ထိုးခဲ့သဖြင့် ယင်းအမျိုးသမီး၏ လက်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ကျူးလွန်သူကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရသည်။