သံချပ်ကာကား သုံးစီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး၊ အထိနာသဖြင့် စစ်ကောင်စီက လေကြောင်းပစ်ကူရယူခဲ့ကြောင်း နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ ထံမှ စုံစမ်းသိရှိရသည်။
ယနေ့( အောက်တိုဘာ ၄ရက်) ၊ မနက် ၁၀ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်သို့ စစ်ကြောင်းထိုး လာသည့် စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။
” စစ်ကောင်စီယာဉ်တန်းက မနေ့ထဲက ဆားလင်းကြီးက ထွက်လာတာ ။ မနေ့ညက ရွှေသမင်ဖက်မှာ တပ်စွဲတယ် ။ ကားတွေပျက်နေလို့ဆိုပြီးတော့ ကြားတယ် ။ ဒီနေ့မနက်ဆက်ထွက်လာပြီး မတောင့်တရွာနဲ့ ဘိုက်သရက်ရွာနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ် ။ ပြီးတော့ မကြာဘူး။ လေကြောင်းကနေ လာတာပဲဗျ ” ဟု ဆားလင်းကြီးမြို့နယ် သတင်းမှန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုကဲ့သို့ တိုက်ခိုက်ခံရပြီးနောက် မနက် ၁၀ နာရီ ၃၃ မိနစ်တွင်၊ ဆားလင်းကြီးမြို့နယ် ဘိုက်သရက်ရွာ နှင့် ယင်းမာပင်မြို့နယ် လည်ငှောက်ရွာ တို့ကို၊ မုံရွာ နမခမှ တက်လာသည့် Mi 35 ရဟတ်ယာဉ်ဖြင့် တစ်နာရီခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း၊ အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည် ။
” မနက် ၁၀နာရီ ၃၃ မိနစ်မှာ ဆားလင်းကြီး၊ ဘိုက်သရက်ရွာနဲ့ ယင်းမာပင်၊ လည်ငှောက်ရွာကို ပစ်တာပေါ့ ။ အဓိကကတော့ ဘိုက်သရက်ကို ပိုပစ်တယ်လို့ ကြားတယ် ။ ပစ်ခတ်တာက ၁ နာရီလောက်ကြာတယ် ။ ၁၁နာရီ ၃၇ မိနစ်လောက်မှ ပြန်သွားတာ ။ ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည် ။
အင်အား ၃၀၀ပါ စစ်ကောင်စီယာဉ်တန်းတွင် သံချပ်ကာကား ၃စီး ၊ ရိုးရိုးကား ၄စီး ၊ ၁၂ဘီးကား ၁၀စီး ၊ ဆိုင်ကယ် ၁ စီး ပါဝင်ပြီး၊ ဘိုက်သရက်ရွာနှင့် လည်ငေါက်ကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားများ ဒဏ်ရာများစွာရရှိနိုင်ကြောင်း ၊ မျက်မြင်ဖြစ်၍ အတိအကျ အကျအဆုံးသိရန် ခဲယဉ်းကြောင်း တိုက်ပွဲတွင်ပါဝင်ခဲ့သည့် ADPRA မှ ရဲဘော်တစ်ဦးက ပြောသည် ။
” လေကြောင်းတိုက်ခိုက်မှုပြီးတော့ ဒီကောင်တွေ(စစ်သား) မတောင့်တကဆက်ထွက်ပြီးတော့၊ ဘိုက်သရက် ။ ဘိုက်သရက်အနောက် ဖက်ကနေ ထွက်လာတော့ တိုက်မိုင်း ၃ လုံးမိတယ် ။ ပြီးတော့ ဘိုက်သရက်နဲ့ လည်ငေါက် ကြားထဲမှာ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းထဲဝင်လာလို့ မိုင်းထပ်ဆွဲတယ် ။ အကျအဆုံးတော့ရှိနိုင်တယ် ။ မျက်မြင်တွေ့ခဲ့တာ လဲကျနေတဲ့ လူတွေကို သူတို့ဆွဲထုတ်နေကြတာ ။ နေ့လယ် ၁နာရီ ၄၅မိနစ်လောက်မှာ တိုက်ခိုက်ခဲ့ တာပါ “ ဟု ၎င်းကပြောသည် ။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း၃၀ (ADPRA)တပ်ခွဲ၂၊ Joker SsGs၊Real Hero၊ အင်ကြင်းပင် စစ်ဘီလူးနှင့် Special Tsk Force တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အဆိုပါစစ်ကောင်စီယာဉ်တန်းသည် ယင်းမာပင်မြို့နယ် လက်တောင်းငယ်ရွာ၌ ညအိပ်တပ်စွဲထားသည်ဟု သိရသည်။