စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြိူကုန်းပျူစောထီးရွာမှ တိမ်းရှောင်လာသည့် ပြည်သူများကို အဝေးရိပ် SF Bay Area Raffle Event မှ အလှူငွေ လှူဒါန်းခဲ့ကြောင်း၊ ပုလဲမြို့နယ် ပ .အ .ဖထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁ရက်က၊ အဝေးရိပ် SF Bay Area Raffle Event မှ မြန်မာကျပ်ငွေ ၁၆၉၅၀၀၀ ကျပ်နှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ၅၀၀ ကျပ်ကို၊ ဇီးဖြူကုန်းပျူစောထီးရွာမှ တိမ်းရှောင်လာသည့် ပြည်သူများအတွက် လှူဒါန်းခဲခြင်းဖြစ်ကြောင်း၊ ပုလဲမြို့နယ် ပ .အ .ဖ တာဝန်ခံ ကိုဇော်ထွန်းက MPA သို့ပြောသည်။
” ဇီးဖြူကုန်းတောင်ရွာက တိမ်းရှောင်လာတဲ့ ပြည်သူတွေ အတွက် သီးသန့်အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ပေးထားတယ်ဗျ။အလှူငွေတွေကို အလှူရှင်ကိုယ်စား ပုလဲ ပ.အ.ဖက တစ်ဆင့် သူတို့ထံ ငွေသားချည်းပဲ အပ်နှံခဲ့တယ်ဗျ။ ရေရှည် တိမ်းရှောင်လာတဲ့သူတွေဖြစ်လို့ ခက်ခဲနေတဲ့အခြေအနေဖြစ်တာမို့လို့ အလှူရှင်တွေက သီးသန့်လှူပေးတာပါ” ဟု ၎င်းကပြော သည်။
ဇီးဖြူကုန်းပျူစောထီးရွာတွင်၊ ပျူစောထီးအဖြစ် ဝင်ရောက်ခြင်းမရှိသူများကို စစ်ကောင်စီနှင့် ပျူစောထီးများက နှိပ်စက်ခြင်း၊ မတရားခိုင်းစေခြင်းများ ပြုလုပ်လျက်ရှိသောကြောင့် ရွာမှ တိမ်းရှောင်လိုသူအများအပြားရှိနေ ကြောင်းလည်း တိမ်းရှောင်လာသူများကဆိုသည်။
“ ပျူဇာတ်သွင်းတာကို လက်မခံဘဲ ကျေးရွာနဲ့ လယ်ယာမြေတွေကို စွန့်ခွာလာတာဗျ၊ ဝမ်းရေးအတွက်တော့ ကြုံရာအလုပ်လုပ်နေတယ်။ အဆင်ပြေတယ်လို့တော့ မဟုတ်ပါဘူး “ ဟု တိမ်းရှောင်လာသူတစ်ဦးကဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်၊ ၂၀၂၁ ခုနှစ် ၊ နှစ်ကုန်ပိုင်းမှ စတင်ကာ စစ်ကောင်စီတပ်များသည် ဇီးဖြူကုန်းရွာ၌ အထိုင်ချတပ်စွဲပြီးနောက် ရွာခံအချို့ကို ပျူစောထီးအဖြစ် ဝင်ရောက်ခိုင်းခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဝင်ရောက်ခိုင်းခဲ့သော်လည်း ပျူစောထီးအဖြစ် မဝင်ရောက်လိုသည့် အိမ်ထောင်စု ၁၃၀၊ လူဦးရေ ၅၀၀ ခန့်သည် ပုလဲမြို့နယ် ပ .အ .ဖ ထံဆက်သွယ်ပြီး တိမ်းရှောင်လာခဲ့ကြောင်းလည်း သိရသည်။