ပဲခူးမြို့၊မြို့ရှောင်လမ်းရှိ စစ်ကောင်စီ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ်ကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန် ဒဏ်ရာရရှိကြောင်း Bago Region PDF က သတင်း ထုတ်ပြန်သည်။
စက်တင်ဘာ ၃ ရက်၊ ည ၈ နာရီဝန်းကျင်တွင် ပဲခူးမြို့ရှောင်လမ်းရှိ ပင်မထောက်ပံ့ပို့ဆောင်ရေးတပ် ဂိတ်ပေါက်ဝရှိ ဘန်ကာကို မိုင်းဆွဲပြီးနောက် ၄၀ (မမ)ဖြင့် တပ်တွင်းအဆောက်အအုံအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ခဲ့တာလို့သိရပါတယ်။ပဲခူးမြို့ရှောင်လမ်းက ထောက်ပို့တပ်ကို ၄၀(၄၀-မမ) နဲ့ပစ်တာ။ ပြီးတော့ ဂိတ်ကို မိုင်းဆွဲတယ်” ဟု Bago Region PDFမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ တစ်ဦးကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို လူနာတင်ယာဥ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်းသိရသည်။
“တပ်ဂိတ်ပေါက်အဝကို မိုင်းအကြီး ၁ လုံးဆွဲလိုက်တယ်။ပြီးတော့ ၄၀ နဲ့ ၁ချက် တပ်အဆောက်အအုံကိုပစ်တယ်။တပ်တွင်းအဆောက်အအုံပဲ။ ဘယ်အတွက် အသုံးပြုတဲ့အဆောက်အအုံလို့တော့ ပြောရခက်တယ်။ဂိတ်ပေါက်နဲ့တပ်အဆောက်အုံက ဝေးတယ်။ကျနော်တို့ မြို့ပြပြောက်ကျားလှုပ်ရှားမှုပုံစံလုပ်တာ။ ကျနော်တို့ လုပ်တဲ့အချိန် ပြန်ပစ်တာမျိုးမရှိဘူး”ဟု ပဲခူးမြို့နယ်ပကဖ၊ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဝေဦး ကပြောသည်။
အဆိုပါတိုက်ခိုက်မှုအပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
စစ်သားများ သေဆုံး၊ထိခိုက်မှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။