မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ ရိက္ခာယူရန်ထွက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို၊ PDF ပူးပေါင်းတပ်များ က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင်၊ စစ်သားလေးဦးသေဆုံးကြောင်း ဝံပုလွေပြောက်ကျားတပ်ဖွဲ့ – မြိုင် ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၃ ရက်)၊ နေ့လယ် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင်၊ မြိုင်မြို့နယ်အနောက်တောင်ဘက်ရှိ၊ ကိုင်းတောမကျေးရွာ မှ ဆုံကုန်းကျေးရွာသို့ ရိက္ခာယူရန်ထွက်လာသည့် ၊ အင်အား ၃၀ ခန့်ပါရှိသော စစ်ကြောင်းကို PDFများက၊ လက်နက်ငယ်များ၊ ၄၀ မမများဖြင့် ပစ်ခက်တိုက်ခိုက်သည့်အပြင် မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦး အပါအဝင်၊ စစ်သားလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“ စစ်တပ်က ကိုင်းတောမ စက်ရေတွင်းမှာ တပ်စွဲနေတာ နှစ်နှစ်လောက်ရှိပြီ။ အခုတိုက်ပွဲမှာ သူတို့ဘက်က လေးယောက်သေ၊ သုံးဦးဒဏ်ရာရတယ်။ အလောင်းတွေကို က.ပ.စ စက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားတွေက လာယူသွားတယ်” ဟု MUGDF ခေါင်းဆောင် ဗိုလ်တိုးကြီးမှ MPA သို့ ပြောသည်။
ထို့ပြင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်သားများကို က.ပ.စ စက်ရုံမှ စစ်ကားဖြင့် လာရောက်ခေါ်ဆောင်သွားစဥ် မြိုင်ပကဖ တပ်ရင်း (၃)၊ တပ်ခွဲ (၁) နှင့် Myaing Underground Defence Force – MUGDF မှ ပေပါမိုင်းအပါအဝင်၊ ပဒေသာ မိုင်းရှစ်လုံးဖြင့်၊ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ၊ ဒဏ်ရာရရှိထားသော စစ်သားများကို ရဟတ်ယာဥ်ဖြင့် လာရောက် ခေါ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါတိုက်ပွဲအတွင်း မြိုင် ပကဖ တပ်ရင်း (၃)၊ တပ်ခွဲ (၁) မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦး လက်နက် ကောက်ယူရန်ကြိုးစားစဥ်၊ စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီးကြောင့်၊ ဦးခေါင်း ကျည်ရှပ်ထိသည့် ဒဏ်ရာရရှိခဲ့ပြီး၊ မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ တိုက်ပွဲဖြစ်ပြီးတဲ့နောက် တစ်ညလုံးနီးပါးလက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒေသခံတွေကတော့ ထိခိုက်ဒဏ်ရာရတာမျိုး မရှိပါဘူး။” ဟု ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မီးပွားက ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်၊ ယမန်နေ့ညမှစ၍ ကိုင်းတောမ၊ ဆုံကုန်း၊ ကျစ်တီး၊ ရွာသစ်၊ ပေပင်တိုက်နှင့် အိုင်းမကျေးရွာများသို့ စစ်ကောင်စီတပ်မှ ၆၀ မမ လက်နက်ကြီးများဖြင့်၊ ပစ်ခက်လျက်ရှိကြောင်း သိရသည်။
“ စစ်တပ်က ရိက္ခာကုန်ရင် ရွာတွေထဲကို မွှေနှောက်ပြီးလုယူတယ်။ ခိုးတယ်။ တိရစ္ဆာန်တွေလည်း မြင်သမျှ သတ်တယ်။ ရွာထဲကအိမ်တွေလည်း မီးရှို့တယ်” ဟု ကိုင်းတောမကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း (၃) -တပ်ခွဲ (၁) (ဝံပုလွေပြောက်ကျားတပ်ဖွဲ့ – မြိုင်)၊ မြိုင်ပကဖ တပ်ရင်း (၁) -တပ်ခွဲ (၁) ၊ မြိုင်ပကဖ တပ်ရင်း (၁) -တပ်ခွဲ (၄) ၊ MUGDF ၊ ပခုက္ကူခရိုင် တပ်ရင်း(၂)၊ မုန်တိုင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ TYK ပြောက်ကျားတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၂၈ ရက်မှ စတင်၍၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နှင့် မြိုင်မြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ် မှ စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်ဖျက်ဆီးနေပြီး၊ ဒေသခံပြည်သူ ၁၀၀၀ ခန့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရ ကြောင်း သိရသည်။