KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အံဖကြီးကျေးရွာတွင်နေထိုင်သည့် ပြည်သူတစ်ဦး စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းကျေးရွာမှ နေအိမ် ၃ လုံးလည်း ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့ (အောက်တိုဘာလ ၃ ရက်)၊ ည ၈ နာရီ ၁၅ မိနစ်အချိန်၌ စစ်ကောင်စီ၏ ကော့ကရိတ်မြို့အခြေစိုက် ခလရ (၉၇) တပ်ရင်းမှ လက်နက်ကြီးဖြင့် (၃) ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းလက်နက်ကြီးကျည်များသည် အံဖကြီးကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
” အမျိုးသမီးတစ်ဦး လက်နက်ကြီး ကျည်စထိမှန်ခဲ့တာပါ။ ဝမ်းဗိုက်ကို ကျည်စ စင်သွားတာဆိုပေမယ့် မစိုးရိမ်ရပါဘူး။ ကျတော်တို့မှာ အရေးပေါ်ဆေးခန်းရှိတော့ တစ်ခုခုဆို အဲ့ဒီကိုဘဲ ဒဏ်ရာကုသဖို့ ပို့ဆောင်ပေးရပါတယ်” ဟု ဒူးပလာယာခရိုင်-သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အံဖကြီးကျေးရွာနေ အသက် ၅၆ နှစ်အရွယ်ရှိ၏ နေအိမ်အား ထိမှန်ပျက်စီးခဲ့ပြီး ၎င်း၏ ဝမ်းဗိုက်တွင် (မစိုးရိမ်ရ) ကျည်စ ထိမှန် ဒဏ်ရာ ရခဲ့သလို နေအိမ်လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် နောက်ထပ်လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အံဖကြီးကျေးရွာမှ ပြည်သူနှစ်ဦး၏ နေအိမ် (၂) လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။
” ညက လက်နက်ကြီး ပစ်တဲ့ အသံကြားလို့ စုံစမ်းကြည့်တော့ ရွာသစ်ဘက်ကို စကစတပ်တွေ တိုးလာတယ်လို့ ကြားတယ်။ နောက်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ သူတို့ကို စစ်ဆင်ရေးလုပ်မှာ စိုးရိမ်လို့ ကြိုကာတယ်လို့လည်း သိရတယ်။ လက်ရှိကတော့ တိုက်ပွဲဖြစ်ပွားနေတာမျိုးတော့ မရှိပါဘူး” ဟု ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အံဖကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်အတွက် ပြည်သူများ စစ်ဘေးရှောင်ရသည့် အခြေအနေမရှိသော်လည်း ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာနေပြည်သူနှင့် အိုးအိမ်၊ ကျွဲ ၊နွား ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေရကြောင်းလည်း စုံစမ်းသိရှိရသည်။
” အရင်ကော့နွဲရွာတို့ ကမိုင်ကုန်းတို့မှာ စကစတပ်တွေနဲ့ PDF တွေတိုက်ပွဲဖြစ်နေတုန်းကဆိုလည်း (၉၇) တပ်ရင်းထဲကနေ လက်နက်ကြီး ၁၂၀ မမ တွေနဲ့ ရွာတွေဘက် လှမ်းပစ်တာ၊ အသံကြားတာနဲ့ ကျင်းထဲပြေးရတာဘဲ။ သူတို့ ဆက်တိုက်ပစ်တဲ့ နေ့တွေဆို အရမ်းနီးတော့ ကျင်းထဲကကို မထွက်ရဘူး။ တစ်ခါပစ်ရင် လေးငါးလုံးဆက်တိုက်ကိုပစ်တာ” ဟု ဒေသခံသတင်းရင်းမြစ်က ဆက်ပြောပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ ခလရ (၉၇) တပ်ရင်းနှင့် လှိုင်ဝအမြောက်တပ်တို့မှ ပစ်ခတ်သော လက်နက်ကြီးကျည်များကြောင့် အံဖကြီးကျေးရွာရှိ ပြည်သူနေအိမ် (၃) လုံး ထိမှန်ပျက်စီးခဲ့သေးသည်။

