ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ကုန်တင်ကားများနှင့် မြို့တွင်းစျေးဆိုင်များကို ဆက်ကြေးကောက်နေသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၄ ဦးကို PDF Zoland က ဖမ်းဆီးခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် အရပ်ဝတ်များနှင့် ဆိုင်ကယ်စီး၍ ထွက်လာသည့် ရဲ ၄ ဦးကို ပြည်သူများ၏ သတင်းပေးချက်အရ မြို့ထဲတွင် အလစ်အငိုက် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့က အရပ်ဝတ်နဲ့ မြို့ထဲကို သွားသွားလာလာ လုပ်ပြီးမှ မော်တော်ယာဥ်တွေ အသေးရော၊ အကြီးရော ပိုက်ဆံလိုက်တောင်းတယ်။ မြို့ထဲက ဆိုင်တွေမှာလည်း ပိုက်ဆံလိုက်တောင်းတယ်။ အဲ့ဒီအပေါ်မှာ ပြည်သူလူထုရဲ့ ပြောသံတွေ များနေတော့လေ။ အဲ့ဒါကြောင့် သူတို့ကို ဖမ်းသွားတာပါဗျ”ဟု တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆရာ Jabez က MPA သို့ ပြောသည်။
တီးတိန်မြို့နယ်တွင် နွားများ၊ ဝက်များကို ကားများဖြင့် သယ်ဆောင်ကြသည်များရှိသကဲ့သို့ အိန္ဒိယဘက်မှလည်း နယ်စပ်ကိုဖြတ်ကာ ရိဒ်-တီးတိန်-ကလေးလမ်းပိုင်းမှ ကုန်သွယ်ကြသည်။
ယင်းကုန်ကားများအပေါ် နိုင်ငံတော်အခွန်ဘဏ္ဍာအဖြစ် ငွေကြေးကောက်ခံခြင်းမဟုတ်ဘဲ ရဲများက မိမိကိုယ်ကျိုးအတွက် အဆမတန်ငွေကြေးကောက်ခံမှု ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။
“တောင်းထားတာက နည်းနည်းမဟုတ်ဘူး။ မြို့ထဲက ဆိုင်တွေမှာ မင်းတို့ ဘယ်လောက်ဘယ်လောက်ဆိုပြီး တောင်းထားတာတွေရှိတယ်။ ပြည်သူတွေရဲ့ ဒုက္ခက ကျတော်တို့ ဆီရောက်လာတော့ အလစ်အငိုက်ဖမ်းလိုက်တာပါ”ဟု ဆရာ Jabez က ဆက်ပြောသည်။
ယင်းဖမ်းဆီးထားသည့် ရဲ ၄ ဦးကို ဒဏ်ခတ်အရေးယူနိုင်ရေးအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး အစည်းအဝေးပြုလုပ်၍ ဆုံးဖြတ်ချက်ချသွားမည်ဟု ဆိုသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် တီးတိန်မြို့မှ ရဲတပ်သားအများအပြား CDM ပြုလုပ်လာခဲ့ကြပြီး အဆိုပါ CDM ပြုလုပ်လာသူများကို တော်လှန်ရေးအဖွဲ့အစည်းများက နွေးထွေးစွာ ကြိုဆိုလျက် ထောက်ပံ့ကြေးရရှိရန်နှင့် လွတ်မြောက်နယ်မြေသို့ ရောက်ရန် ကူညီပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
ချင်းပြည်နယ်တွင် ယခုနှစ်ပိုင်းအတွင်း စစ်ကောင်စီတပ်သားအများအပြား လက်နက်ခဲယမ်းများနှင့်အတူ တော်လှန်ရေးတပ်ဖွဲ့များထံသို့ အလင်းဝင်လာမှုများ ရှိနေသည်။
လွန်ခဲ့သည့် ဇူလိုင်လ ၂၆ ရက်နေ့ကလည်း မတူပီမြို့နယ်၊ ဟားခါး-မတူပီလမ်းပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို လက်နက်များနှင့်အတူ CDF (မတူပီ) က ဖမ်းဆီးမှုပြုလုပ်ခဲ့သေးသည်။