ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်း ရှိစစ်ရှောင်ပြည်သူ ၉၀၀ခန့်တို့မှာ စစ်ကောင်စီတပ်၏ ဆန်ဝယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် ဟင်းသီးဟင်းရွက်ကိုသာ အဓိကထားစားသောက်နေရကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၊ လေးအိမ်တန်း၊သရက်ချောင်း၊ကျောက်ပြုတ်၊ကွေ့ကြီး၊ညောင်လေးပင်၊ကြက်မနက်၊ကွင်းကျယ်၊ဆင်ဝိုင်း၊သဖန်းချောင်းနှင့် ဉာဏ်လယ်ရွာတို့မှ အိမ်ထောင်စု ၂၈၆ စု( လူဦးရေ ၈၉၆ ယောက် )တို့မှာ ယင်းသို့သော အခြေအနေကြောင့် စားနပ်ရိက္ခာ ခက်ခဲနေခြင်းဖြစ်သည်။
“စစ်တပ်ကပိတ်ထားတယ်ဆိုပေမဲ့သူ့အဆက်အသွယ်နဲ့သူတော့ရှိပါတယ်။စျေးတော့ကြီးတာပေါ့။စစ်ရှောင်တွေက အလုပ်အကိုင်လည်းမရှိတော့ ဝယ်စားဖို့ခက်ခဲတော့ဟင်းသီးဟင်းရွက်က အဓိကထားစားရတာ။ကျနော်တို့ ပကဖ အနေနဲ့လှူဒါန်းတာမျိုးတွေရှိပေမဲ့ ကျနော်တို့ကလည်း အလှူငွေရမှ သူတို့ကို ပြန်ပေးနိုင်တာ” ဟု နတ်တလင်းမြို့နယ်ပကဖ၊ ရုံးအဖွဲ့မှူးကပြောသည်။
နတ်တလင်းမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျေးရွာများမှ ပြည်သူများအား လူတစ်ဦးကို တစ်ရက် လျှင် ဆန် နို့ဆီဗူး ၃ လုံးသာ ရောင်းချရန် စျေးဆိုင်များအား စစ်ကောင်စီတပ်က နှုတ်မိန့်ပေး ထားကြောင်းသိရသည်။
“ထမင်းကို ဝဝလင်လင် မစားရတဲ့သူတွေက အများစု။တောင်ယာကရတဲ့ဟင်းသီးဟင်းရွက်တွေကို ကျနော်တို့က ဝယ်စားတာမျိုးရှိတယ်။အဲ့ကနေ သူတို့ဆန်ဖိုးရတာပေါ့။အဓိကတော့ ဟင်းသီးဟင်းရွက်ကိုပဲ မသေအောင် အာဟာရပြု စားနေရတာ ပါ။ငတ်တဲ့အဆင့်တော့မရောက်သေးပါဘူး။ကြာလာရင်တော့ ငတ်လာနိုင်ပါတယ်” သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊တပ်ခွဲ(၂) Phoenix DF မှ ဘားတိုက်မှူး ကပြောသည်။
စက်တင်ဘာ ၁၃ ရက်နေ့ က နတ်တလင်းမြို့နယ်၊ဉာဏ်လည်ရွာသို့ ရောက်လာသည့် စစ်သားအင်အား ၄၀ ခန့်ကို MRF – Nattalin ၊ တပ်ရင်း- ၃၈၀၁ တပ်ခွဲ ၄ ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့သည်။ထို့နောက် ဉာဏ်လယ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ရာ ရွာလုံးကျွတ်ပြာကျခဲ့ကြောင်း သိရသည်။
“ပိုက်ဆံရှိသူတွေကတော့ တောင်ညိုမြို့သစ်ဘက်ကိုပြောင်းကြတယ်။အသင့်အသင့်တတ်နိုင်သူတွေက ပေါင်းတည်၊ကြာနီကန်ဘက်ကို ပြောင်းတယ်။ခုလက်ရှိ စစ်ရှောင်တွေက လုံးလုံးမတတ်နိုင်တဲ့သူတွေ ရိုးမထဲမှာ နေနေကြရတာ။အကူအညီလည်း မရကြဘူး၊PDF ကကျွေးထားရတာ” ဟု နတ်တလင်း ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိကျန်နေသော စစ်ရှောင်များမှာ အမှန်တကယ် ငွေမရှိသူများနှင့် အခြားသွားရောက်နေထိုင်စ ရာနေရာ မရှိသူများဖြစ်ကြောင်း Phoneix DF တပ်ခွဲ(၂) မှ ရဲဘော်ဂျူပီတာ ကပြောသည်။