မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၌ ယမန်နေ့(အောက်တိုဘာ ၃ရက်) မှ စတင်ကာ၊ ဂန့်ဂေါမြို့အခြေစိုက်၊ ခလရ ၅၀ မှ စစ်ကောင်စီတပ်များသည် ဂန့်ဂေါမြို့မြောက်ပိုင်းသို့ စစ်ကြောင်း ထိုးနေသဖြင့်၊ ဒေသခံ ပြည်သူ ငါးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
“ စစ်ကြောင်းက မနေ့ကထဲက ထိုးနေတာ၊ စစ်ကြောင်းသတင်းကြားလို့ ညထဲက ရွာကနေ ပြေးတဲ့သူတွေလည်းရှိတယ်။ ဒီနေ့မနက် ရွာထိပ်မှာ သေနတ်ဖောက်သံ ကြားလို့တစ်ရွာလုံး ပြေနေကြပြီ” ဟု လာပို့ရွာ ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များ၊ စစ်ကြောင်းထိုးမှုကြောင့် လာပို့ရွာ၊ မြင်းဇာရွာ နှင့် ရွာစည်ရွာရှိ ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရခြင်းဖြစ်ကာ၊ လာပို့ရွာတစ်ခုထဲ၌ပင် စစ်ဘေးတိမ်းရှောင်ရသူ လေးထောင်ခန့်ရှိကြောင်း သိရသည်။
“ လာပို့ရွာကတော့ ရွာအကြီးပေါ့၊ ကျွန်မတို့ မြင်းဇာရွာကို စစ်တပ်မဝင်သေးပေမယ့်။ ဝင်လာမှာကိုကြောက်လို့ ထွက်ပြေးတိမ်းရှောင်သူတွေရှိတယ်။ ရွာမှာ နေနေတဲ့သူတွေလဲရှိတယ် ” ဟု မြင်းဇာရွာဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ၊ စစ်ကြောင်းထိုးမှုကြောင့် ဒေသခံပြည်သူ ငါးထောင်ခန့်သည် နီးစပ်ရာ တောများ၊ ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည့်အတွက် အခက်အခဲများရှိကြောင်းလည်း သိရသည်။
“ ပြေးရတာကတော့ လာပို့ရွာ တစ်ရွာတစ်ခုထဲ မဟုတ်ဘူး။ တစ်ခြားရွာတွေလည်း ပြေးနေကြတယ်လို့ ကြားတယ်။ စားဖို့သောက်ဖို့ကြ ရွာကနေ ပြေးကတည်းက ယူခဲ့ရတာ။ အခုကတော့ တောထဲမှာ ချက်စားနေရတာ။ တစ်ချိုက ဘာစားစရာမှ မယူခဲ့တဲ့သူတွေလည်း ရှိတယ်။ စားစရာ မယူခဲ့တဲ့သူတွေကတော့ အစားအသောက်တွေ လိုအပ်နေ တယ်” ဟု လာပို့ရွာ ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်များသည် ကျေးရွာများသို့ စစ်ကြောင်းထိုးပါက ပြည်သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း နှင့် နေအိမ်မီးရှို့မှုများ ပြုလုပ်သောကြောင့်၊ စစ်တပ်စစ်ကြောင်းထိုးသည်ဟု အသံကြားပါက ရွာတွင် မနေရဲဘဲ တိမ်းရှောင်ရကြောင်း ဒေသခံတစ်ဦးက ရှင်းပြသည်။
“ စစ်သားတွေက စစ်ကြောင်းထိုးရင်၊ ပြည်သူတွေကိုတွေ့ရင် တွေ့တဲ့သူ ဖမ်းတယ်။ သတ်တယ်။ အိမ်တွေ မီးရှို့တယ်။လူသားဒိုင်းတွေခေါ်တယ်။ အဲ့ဒါကြောင့်မလို့ ရွာမှာ မနေရဲဘဲ ပြေးရတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်မှ မကြာခဏ စစ်ကြောင်းထိုးခြင်း၊ ပြည်သူများအား သတ်ဖြတ်ခြင်း ၊ လေကြောင်း တိုက်ခိုက်ခြင်းများပြုလုပ်နေသောကြောင့်၊ ဒေသခံပြည်သူများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ရကာ၊ အစားအသောက်နှင့် အမိုးအကာများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။


