ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအနီး တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေပြီး၊ စစ်ကားသုံးစီးနှင့် လက်နက်ခဲယမ်းများကို KIAနှင့် KPDF တို့မှ သိမ်းဆည်းရမိခဲ့ကြောင်း မြေပြင် သတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ (အောက်တိုဘာ ၃ ရက်)၊ မနက် ၁၁ နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်နှင့် KIA၊KPDF တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူများရှိခဲ့ကာ၊စစ်ကောင်စီတပ်ဖွဲ့ဝင် များအသုံးပြုခဲ့သည့် ပါဂျဲရိုး ကားတစ်စီးအပါအဝင် ကားသုံးစီး၊ သေနတ်သုံးလက်နှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
“ စစ်တပ်ဘက်က အလောင်းတွေပြန်သယ်သွားတယ်။ ဒဏ်ရာရတဲ့သူလည်း များတယ်။ အတိအကျတော့မသိဘူး။ လက်နက်ခဲယမ်းတွေကတော့ စိစစ်နေတုန်းပဲ။” ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင်၊ တပ်သားလေးဦး သေဆုံးသည် ဟု သတင်းများ ထွက်ပေါ်နေသော်လည်း၊ MPA အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိပေ။
“ ကျွန်တော်တို့ အတည်မပြုနိုင်တာတွေရှိပါတယ်။ သေချာတာကတော့ စစ်ကောင်စီဘက်ကကျတာတွေရှိတယ်။ သေချာသိရအောင် ကြိုးစားနေပါတယ်။” ဟု သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဆိုင်းတောင်ကျေးရွာအနီးဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် လေးနာရီခန့်ကြာမြင့်ခဲပြီး လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့သည့်အတွက် ဘွမ်ပရာရပ်ကွက် ၁ မှ အမျိုးသားတစ်ဦး လက်နက်ကြီး၊ ကျည်ထိမှန်သေဆုံးခဲ့သည် ဟု ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ယင်းအပြင် အထိနာခဲ့သည့် စစ်ကောင်စီတပ်သည် ဆိုင်းတောင်ကျေးရွာသို့ ယနေ့(အောက်တိုဘာ ၄ရက်)၊ မနက် ၁၀နာရီခန့်တွင် ထပ်မံစစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း လည်းသိရသည်။
“ မနေ့က ပိတ်မိတဲ့သူတွေကိုတော့ ကယ်ထုတ်နိုင်တယ်။ ဆိုင်းတောင်၊ မှော်ရှန် ကတော့ စိုးရိမ်စရာအခြေအနေပါ။” ဟု ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် KIO ဌာနချုပ်၊ လိုင်ဇာမြို့အနီး၊ လိုင်လွမ့်အောင်ဂျာ၌လည်း KIA တပ်နှင့် စစ်ကောင်စီတပ်တို့ အောက်တိုဘာ ၂ ရက်နေ့တွင် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြုကာ တိုက်ခိုက်လျက်ရှိကြောင်း လိုင်ဇာဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ စစ်ကောင်စီ၏ တပ်စခန်းများ ဖြစ်သည့် လိုင်ဇာမြို့အနီး၊ လိုင်လွမ့်အောင်ဂျာရှိ တပ်စခန်းတစ်ခုနှင့် ဆွမ်ပရာဘွမ်မြို့ရှိ၊ ဒရူခစခန်း တို့ကို သိမ်းပိုက် နိုင်ခဲ့သည်။