စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာရှိ ပျူစောထီးအချင်းချင်း၊ မိန်းမကိစ္စ စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း၊ ဒေသခံ သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂ရက်၊ ည ၁၀နာရီခန့်တွင် ငွေတွင်းရွာ အရှေ့ဘက်ရှိကင်းတဲ၌ ကင်းစောင့်နေသည့် ပျူစောထီးအချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ ပျူတစ်ဦးက မိန်းမနဲ့ အဆင်မပြေတာပါ၊ မိန်းမကို ဗုံးသီးနဲ့ သွားပစ်မယ်ဆိုပြီး သွားတာ၊ ဘေးက ကင်းစောင့်နေတဲ့ သူတွေက တားတယ်။ မင်းတို့ပါ ဗုံးသီးနဲ့ ပစ်မယ်ဆိုပြီး၊ ဗုံးသီးကိုင် ခြိမ်းခြောက်တော့ ဘေးက ဝင်ထိန်းပေးတဲ့ ပျူက နေ သေနတ်နဲ့ ထုတ်ပြီး ပစ်လိုက်တာပါ။ အဲ့ဒီပျူရွာမှ ကျွန်တော်တို့ သတင်းပေးတွေလဲရှိတယ်။ သူတို့စီကနေ သတင်းအတိအကျရတာပါ ” ဟု မုံရွာတပ်ရင်း (၂၁)၊ တပ်ခွဲမှူး ကိုစစ်နိုင်က ပြောသည်။
ထိုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ပျူစောထီးတစ်ဦးအား အရာတော်မြို့နယ်၊ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။
ငွေတွင်းကျေးရွာရှိ ပျူစောထီးများသည် ဒေသခံ ပြည်သူများထံမှ ငွေတောင်းခြင်း၊ ရိုက်နှက်ခြင်းများ မကြာခဏ ပြုလုပ်တတ်ကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
” သူတို့ကတော့ ပြည်သူတွေကို အပြစ်မရှိဘဲလည်း ခေါ်တယ်။ ပြီးရင် ရိုက်နှက်တာမျိုးတွေ ရှိတယ်၊ NLDထောက်ခံတဲ့ သူတွေဆို ငွေညှစ်တာမျိုးတွေ လုပ်တယ်။ တစ်ခါတစ်ခါ ငွေတောင်းရင် သိန်း ၅၀ဆိုတာ အောက်ထစ်ပဲ ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့ (အောက်တိုဘာ ၃ရက်)၊ ညနေ ၃နာရီခန့်တွင် ငွေတွင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများရှိရာ နေရာများသို့ ဒရုန်းဖြင့် ဗုံးသီး (၁၀)လုံး၊ Shar Thoo War နည်းပညာသုံး၍ ဗုံးသီး (၅)လုံး၊ စုစုပေါင်း ဗုံးသီး (၁၅)လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Ngwe Dwin Revolution Forceမှ ထုတ်ပြန်ထားသည်။
” နေရာက (၃)နေရာပါ၊ စခန်းရယ်၊ အသုဘနေရာရယ်၊ အလောင်းထားတဲ့နေရာရယ်ပေါ့၊ နောက်ဆုံး ဒရုန်းတစ်စင်း ပြန်အဆင်းမှာ စကစဘက်ကနေ ကျွန်တော်တို့ ရှိတဲ့နေရာအထိ တိုးလာပြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ကျွန်တော်တို့ဘက်က ရှေ့တန်းသမားတွေကလည်း ပြန်လည်ပစ်ခတ်ခဲ့ပြီး၊ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ကျည်လုံလောက်မှုမရှိတာကြောင့် လက်နက်မဆုံးအောင် ပြန်ပြီး ဆုတ်ခဲ့ရပါတယ်။ သိရသလောက်ဆိုရင်တော့ အတော်လေး သေနိုင်ပါတယ် “ ဟု မုံရွာတပ်ရင်း (၂၁)၊ တပ်ခွဲမှူး ကိုစစ်နိုင်က ပြောသည်။
လက်ရှိတွင် ငွေတွင်းပျူစောထီးရွာ အထိခိုက် အကျအဆုံးစာရင်းကို စုံစမ်းနေဆဲဖြစ်ပြီး၊ စစ်ကောင်စီတပ်မှ ၆၀မမ၊ ၄၀မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်၊ PDFရဲဘော် ၃ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
အထက်ပါ ငွေတွင်းရွာ ကို NDRF၊ MRTF, GZP၊ ကျောက်ဆည် နဂါးနီတပ်ရင်း (၁)၊ Lighting Drone Force စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။