မကွေးတိုင်း၊ မြိုင်မြို့နယ်၌ ၉လတာအတွင်း ဒေသခံ PDFတို့၏ တိုက်ခိုက်မှုကြောင့် စစ်သား ၂၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက်မှ စက်တင်ဘာ ၃၀ရက်အထိ စစ်ကောင်စီတပ်နှင့်ဒေသခံPDFတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း၊ မိုင်းဆွဲခြင်းနှင့် ဒရုန်းဖြင့် ဗုံးကြဲခြင်း တို့ကြောင့် စစ်သား ၂၃၅ဦးသေဆုံးခဲ့ပြီး ၁၈၁ဦး ဒဏ်ရာရရှိကြောင်း မြိုင်ပကဖ ထံက သိရသည်။
“ ကျနော်တို့မှာ သေဆုံးသတင်းက လစဉ်အစီအရင်ခံစာရှိတယ်။ ဒါလိုရင်တောင်လိုဦးမယ်။ မိုင်းဆွဲလို့သေတာပိုများမယ်။ ထိတွေ့တိုက်ပွဲက ၁၀ပုံ ပုံ ၂ပုံပဲရှိမယ်။ လက်နက်ခဲယမ်း မလုံလောက်လို့ မိုင်းဆွဲတဲ့တိုက်ပွဲက ပိုများတယ်။ ခုထိမိုင်းကိုပဲ အားကိုးနေရတုန်း။ မိုင်းကို လက်လွှတ်လို့မရဘူး။ ဒီကောင်တွေက မိုင်းမှကြောက်တာ” ဟု မြိုင်ပကဖတာဝန်ခံ ဗိုလ်လကျာ်က MPA သို့ပြောသည်။
ယခုနှစ်တွင် သတင်းရရှိမှုအားေကာင်းလာခြင်းနှင့်တော်လှန်ရေးအင်အားစုတို့ အားကောင်းလာခြင်းတို့ကြောင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်မှုမှာ ယမန်နှစ်ကထက် ရာခိုင်နှုန်း ၇၀ ခန့် ပိုမိုများပြားလာကြောင်း ၎င်းကပြောသည်။
PDF တပ်ဖွဲ့များကြား တပ်တွင်းသတင်းရင်းမြစ်(ဖရဲသီး)များလည်း အခိုင်အမာရှိနေပြီး မြိုင်ပကဖထံတွင်လည်း တပ်ထဲမှထွက်လာသူ အယောက် ၃၀ခန့်ရှိကြောင်း ၎င်းကဆက်လက်ပြောသည်။
ယင်း ၉လတာအတွင်း၌ မှားယွင်းမိုင်းဆွဲမှုဖြစ်စဉ် ၂ကြိမ်ဖြစ်ပွားခဲ့ပြီး မိုင်း ချို့ယွင်းမှု ၄ကြိမ်ဖြစ်ပွားခဲ့ကြောင်း ၎င်းကပြောသည်။
” ပြည်သူတွေကို စစ်ေကြာင်းထိုးေနလို့ မဖြတ်နဲ့လို့ တားမြစ်ထားတာကို ဖြတ်တော့ သူတို့ကို ထိသွားတာမျိုးတွေပဲရှိတယ်။ သေတာတော့မရှိဘူး။ ထိခိုက်တာပဲရှိတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
လက်လုပ်လက်နက်ကြီးများသည် ပစ်မှတ်ဆီသို့ တိကျစွာ မရောက်ရှိဘဲ ပြည်သူများရှိရာ အနီးဝန်းကျင်သို့ မကြာခဏ ကျရောက်တတ်သဖြင့် ဒရုန်းကို ပိုမိုအသုံးပြုလာရကြောင်း Myaing U.A.V Fighter ဒရုန်းတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။
” အရင်တုန်းက ကျနော်တို့ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်၊ ထုကြတယ်ပေါ့။ နောက်ပိုင်းပြန်ချိန်ကြည့်တဲ့အခါမှာ လက်လုပ်လက်နက်ကြီးက ပစ်မှတ်က မတိကျဘူး။ မဆိုင်တဲ့ ပြည်သူအိမ်တွေ ပြန်ထိတာမျိုးတွေ ပြန်ကြားရတော့ အဆင်မပြေဘူး။ အဲ့ဒါနဲ့ ပစ်မှတ်တိကျတဲ့ ဒရုန်းတွေလုပ်မယ်ဆိုရင်ရောဆိုတဲ့ အတွေးနဲ့စလုပ်ခဲ့တယ်။ ရန်သူကလည်း အဓိကကြောက်တာ မိုင်းရယ် ၊ဒရုန်းရယ်၊ စနိုက်ပါရယ်ပဲကြောက်တာ” ဟု ၎င်းကပြောသည်။
ဒရုန်းသည် ပစ်မှတ်ဆီသို့ တိကျမှု ကျရောက်နိုင်မှုများ ပြီး စစ်သားများနားနေချိန်၌ ဒရုန်းဖြင့် ဗုံးကြဲခြင်းမှာ အထိရောက်ဆုံးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်လျှင် တိုက်ပွဲနှင့်ဝေးရာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့်မရှောင်တိမ်းနိုင်သည့် ပြည်သူအချို့အား သတ်ဖြတ်ကြောင်း ဒေသခံပြည်သူတဦးက ပြောသည်။
” စစ်ကြောင်းထိုးရင်တောင် ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ခုခံစစ်ကို ပီပီပြင်ပြင်ဖော် ဆောင်တဲ့ နေရာမှာ အင်မတန်နောက်ကျတဲ့ခုခံတုံ့ပြန်မှုမျိုးပဲ လုပ်နိုင်သေးတယ်လို့မြင် တယ်။ ဒေသခံတွေ အနေနဲ့ကတော့ တိုက်ပွဲဖြစ်ပြီဆိုရင် စစ်ကောင်စီဘက်ကပဲထိုးစစ်ဆင်ဆင်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပဲထိုးစစ်ဆင်ဆင် တိုက်ပွဲနဲ့နီးတဲ့ ဒေသခံတွေအနေနဲ့ နေရပ်စွန့်ခွာ ရှောင်တိမ်းကြရတယ်” ဟု ၎င်းကပြောသည်။
၂၀၂၃ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှစ၍ စက်တင်ဘာလကုန်အထိ မြိုင်မြို့ပေါ်ရှိ စစ်ရေးပစ်မှတ်တို့ကို ဒေသခံ PDF တို့ ၆ကြိမ် တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖထံကသိရသည်။
ယခုနှစ် ၉လအတွင်း တိုက်ပွဲများ၌ PDF ရဲဘော် ၂၂ဦး ကျဆုံးခဲ့ပြီး ၂၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ထံက သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရခြင်းအပေါ် MPA အနေနှင့် သီးခြား အတည်မပြုနိုင်ပေ။