စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်သို့ ဒေသခံ တော်လှန်ရေး အင်အားစုတို့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ညဘက် ကင်းမလှည့်သည်မှာ ၄လကျော် ရှိပြီ ဖြစ်ကြောင်း သိရသည်။
ပုလဲမြို့ ထွေအုပ်ရုံး အတွင်းမှ စစ်အုပ်စုဝင်တို့သည် နံနက် ၇ ခွဲ ခန့်တွင် အင်အား ၁၀ ယောက်ကျော် ဖြင့် ထွေအုပ်ရုံးနှင့် ၁မိုင် ၀န်းကျင် ဝေးသော မြို့မ ဈေးသို့ ကင်းပတ်လေ့ ရှိပြီး မြို့မဈေး တွင် ၁၀မိနစ်ကျော်နေ၍ နောက်ပြန်လှည့်လေ့ ရှိကြောင်း အချို့ နေ့များတွင် ပုလဲ မြို့လမ်းဆုံ၌ ၁နာရီ ခန့်ကြာ နေ၍ ထွေအုပ်ရုံးထဲ သို့ ပြန်၀င်သွားကြ ကြောင်း ပုလဲအခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင် ရဲဘော်ပေ ကပြောသည်။
“ ကျနော်တို့က နေ့ခင်းဘက်ဆိုလည်း သူတို့ ကင်းလှည့် ထွက်တာ ကြားတာနဲ့ တန်းပြီး ချောင်းပစ်တာ၊ မိုင်းဆွဲ တာမျိုး လုပ်တော့ သူတို့ လူနည်းနည်းနဲ့ မထွက်ရဲဘူး။အခု ညလည်း မထွက်ကြတော့ဘူး။ ညကင်းမလှည့်တာ ၄လကျော် ရှိပြီ” ဟု ရဲဘော်ပေ ကပြောသည်။
ယခုနှစ်အတွင်း စစ်ကောင်စီတပ် က ပြင်းထန်စွာစစ်ကြောင်းထိုးနေသည့်ကြား ပုလဲ မြို့တွင်းနှင့် မြို့အစပ်များသို့ ပုလဲတော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။
ယခုနှစ်အတွင်း ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ အပါအ၀င် ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများက ပုလဲမြို့တွင်းနှင့် မြို့အနီး၌ စစ်ကောင်စီတပ်ကို ၁၅ ကြိမ်ထက်မနည်း မိုင်းဆွဲခြင်းနှင့် ဝင်ရောက်ပစ်ခတ်ခြင်းတို့ ပြုလုပ် ခဲ့ကြောင်း သိရသည်။
“ အရင်က ညကင်းတွေလှည့်တုန်းကလည်း သူတို့ အဝေးကြီး ပတ်ပြီး မလှည့်ကြပါဘူး”ဟု ပုလဲမြို့တွင်းနေပြည်သူအချို့နှင့် အချိတ်အဆက်ရှိသော PDF တပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။
ယခင်ကလည်း စစ်ကောင်စီတပ်သည် ရဲစခန်း၊ရှင်မြတ်ရှင်ဘုရားနှင့် ထွေအုပ်ရုံး ပတ်လည်သာ ညဘက်ကင်းလှည့်ကြောင်း သိရသည်။
ပုလဲ မြို့တွင်း၌ မြို့စောင့်တပ် အဖြစ် စစ်သား၊ရဲနှင့် ပျူစောထီး စုစုပေါင်း အယောက်၉၀ခန့်ရှိပြီး ပုလဲမြို့မ ရဲ စခန်း၌ အယောက်၄၀နှင့် ပုလဲ မြို့ ထွေအုပ်ရုံးဝန်းအတွင်း၌ ၅၀ ၀န်းကျင် ရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်က အနီးကပ်ရှိနေသောကြောင့် ပုလဲမြို့တွင်းနေ ပြည်သူတို့မှာ တော်လှန်ရေး အင် အားစုများနှင့် အဆက်အသွယ် သိပ်မလုပ်ရဲကြကြောင်း ၎င်းကပြောသည်။
” သူတို့ ကိုယ်တိုင်ကလည်း ကိုယ့်အိမ် ကိုယ့်ယာတွေ မစွန့် ချင်ကြတော့ ပြောရခက်တယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
ပုလဲ မြို့တွင်းနေ ပြည်သူတို့ မှာ စား၀တ်နေရေးအတွက် မုံရွာမြိုနှင့် အဓိက ချိတ်ဆက်၍ ကုန်စည်ကူးသန်းရောင်း၀ယ်လျက် ရှိကြောင်း သိရသည်။