စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ကိုဇင်လင်းအောင်ကို စစ်ကိုင်းမြို့၊ ကံတလူစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ယနေ့ အောက်တိုဘာလ ၄ ရက်နေ့အထိ မိသားစုနှင့် အဆက်သွယ် ပြတ်တောက်နေသည်မှာ ရက်ပေါင်း (၇၀) ကျော် ရှိနေပြီဖြစ်ကြောင်း ဝက်လက်မြို့နယ်အခြေခံ ကျောင်းသားသမဂ္ဂများထံမှ စုံစမ်းသိရှိရသည်။
” ကိုဇင်လင်းအောင်ကို ဇူလိုင် ၂၂ ရက်နေ့မှာ စစ်ကိုင်းစစ်ဆေးရေးဂိတ်၊ ကံတလူဂိတ်မှာ စစ်တပ်က ဖမ်းဆီးသွားခဲ့တာ။ ဖမ်းဆီးခံရတာကတော့ သူရဲ့ ဖုန်းနံပါတ်ကို စစ်တပ်က ရထားတယ်။ ရထားတော့ သူတို့ သတင်းလည်း ကြိုရထားဟန် တူပါတယ်။ ကားပေါ်မှာက လူတွေအများကြီးပဲ။ သူတို့ရထားတဲ့ နံပါတ်ကို ဖုန်းခေါ်လိုက်တာ phone ringtone က ထမြည်တော့ စစ်တပ်က တစ်ခါတည်းကားပေါ်က ဆင်းခိုင်းပြီး ခေါ်သွားတာ ဒီနေ့အထိ သေလား ရှင်လား ဘာမှသတင်းမရဘူး” ဟု ဝက်လက်မြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ကိုဟန်လင်းစိုးက MPA သို့ ရှင်းပြသည်။
ဖမ်းဆီးခံရသူ ကိုဇင်လင်းအောင်သည် အသက် (၁၇) အရွယ်သာ ရှိသေးကြောင်း ကိုဇင်လင်းအောင်၏ မိသားစုထံမှ သိရပြီး ဝက်လက်မြို့နယ်အခြေခံ ကျောင်းသားများသမဂ္ဂတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်တစ်ဦး ဖြစ်သည်။
” ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂတွေရော မိသားစုဝင်တွေနဲ့ရော အဆက်အသွယ်မရသေးပါဘူး။ ကျတော်တို့လည်း အလွန်စိတ်ပူနေတယ်။ သူ့မိသားစုကလည်း ကျတော့်ဆီကို မကြာမဏဆိုသလို ဖုန်းဆက်မေးတယ်။ စာတစ်စောင်မှလည်း မရ၊ ဖုန်းလည်းခေါ်မလာသေးပါဘူး” ဟု ကိုဟန်လင်းစိုးက ဆက်ပြောသည်။
အစောပိုင်းတွင် ကိုဇင်လင်းအောင်အား တပ်မ (၃၃) စစ်ကြောရေးစခန်းသို့ ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရပြီး ယင်းနောက် မည်သည့်နေရာသို့ ပြောင်းလဲပို့ဆောင်ထားရှိသည်ကို လက်ရှိအချိန်အထိ မသိရသေးပေ။
” ဖမ်းဆီးခံချိန်မှာတော့ သူရဲ့ ဖုန်းနံပါတ်ကိုသာ ရထားတာမို့ သူတစ်ယောက်တည်းပဲ ပါသွားတာ။ သူပါသွားတော့ ဖုန်းတစ်လုံးပဲ။ လက်ဝတ်လက်စား အဆောင်အယောင်တွေတော့ မပါသွားပါဘူး။ ဖြစ်နိုင်ရင်တော့ အသက်ရှင်လျက် ရှိ၊ မရှိလေးတစ်ခုတော့ သိချင်ပါတယ်” ဟု ဝက်လက်မြို့နယ် အခြေခံကျောင်းသမဂ္ဂ၏ အဖွဲ့ဝင် ကိုသန်းထိုက် (အမည်လွှဲ) က MPA သို့ ပြောသည်။
ကိုဇင်လင်းအောင်ကို အဆက်အသွယ်မရသည်မှာ ရက်ပေါင်း ရက်ပေါင်း (၇၀) ကျော် ရှိနေပြီဖြစ်ပြီး ၎င်းနှင့် ပတ်သက်၍ သတင်းအစအန ပျောက်ဆုံးနေသည့်အတွက် မိသားစုများမှာလည်း စိုးရိမ်လျက်ရှိနေသည်။