မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့ပြင်တွင် စစ်သားနှင့်ရဲများ စီးနှင်းလာသည့် အိမ်စီးကားနှစ်စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး၊ ဒုရဲအုပ်တစ်ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger (MBT) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန့်နေ့ (အောက်တိုဘာ ၃ ရက်)၊ မနက် ၁၁ နာရီခန့်တွင် မြင်းခြံမြို့မှ နွားထိုးမြို့ဘက်သို့ မောင်းနှင်လာပြီး၊ စစ်ကောင်စီတပ်သားများ လိုက်ပါလာသော၊ အိမ်စီးကားနှစ်စီးကို (4 Wheels အမျိုးအစား) ကံရွာနှင့်ကံနှောင်းရွာကြား အရောက်၌၊ ခြောက်လုံးတွဲ ပဒေသာမိုင်းတစ်လုံးဖြင့်၊ PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ ကားနှစ်စီးလုံးမှာ စစ်သားရော၊ ရဲရော ပါတယ်။ ဒဏ်ရာရတာကတော့ အပြည့်ပဲ။ ဒုရဲအုပ်က နွားထိုးကြီးရဲစခန်း ရောက်မှ ကျသွားတာလို့ တပ်တွင်း ဖရဲသီးကအတည်ပြုပါတယ်ဗျ။ သူတို့အထိနာတော့ သေနတ်တွေ လမ်းတစ် လျှောက်လုံး ပစ်သွားတယ်ဗျ။” ဟု Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက MPA သို့ ပြောသည်။
လက်ရှိတွင် ကံရွာ၊ ကန်နှောင်း၊ ရွာကြီး နှင့် ရွာသစ်ကျေးရွာများတဝိုက်၌ စစ်ကောင်စီအင်အား ၅၀ ခန့် ကင်းလှည့်နေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်း သိရသည်။
“ မနက်ကတော့ အသံအကျယ်ကြီးကြားလိုက်ရတယ်။ နေ့တိုင်းပဲ ကျီးလန့်စာစားနေရတာ။ ရွာက လမ်းမကြီးနဲ့ ဝေးတယ် ဆိုပေမယ့်၊ ဘယ်အချိန်ဝင်လာမလဲဆိုပြီး အမြဲစိတ်မောရတယ်။” ဟု ကံနှောင်းကျေးရွာမှ ဒေသခံအမျိုး သမီးတစ်ဦးက ပြောသည်။
ထို့ပြင် နွားထိုးကြီးမြို့ပေါ်၌လည်း စစ်ကောင်စီတပ်မှ လက်နက်အားကိုးဖြင့်၊ အရပ်သားပြည်သူများအား ဖမ်းဆီးကာ၊ ငွေတောင်းခံမှုများပြုလုပ်လျက်ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) နှင့် MDY – PDF ခရိုင်တပ်ရင်း (၃) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Myingyan Black Tiger (MBT) တပ်ဖွဲ့သည် မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ရေစကြို၊ တောင်သာ၊ မြင်းခြံ၊ နွားထိုး၊ မုံရွာ နှင့် မြောင်မြို့နယ်တို့၌ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။