မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းတောငယ်ကျေးရွာနှင့် သဲတောကျေးရွာကြားတွင် စစ်ကောင်စီစစ်ကြောင်း နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်သား ၁၈ ဦးသေဆုံးကာ၊ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(အောက်တိုဘာ ၃ရက်၊ မနက် ၅ နာရီခန့်တွင် အင်အား ၆၀ ပါ စစ်ကောင်စီစစ်ကြောင်းသည် ထန်းတောငယ် ကျေးရွာသို့ ရောက်ရှိလာပြီး၊ စာသင်ကျောင်းနှင့်ဘုန်းကြီးကျောင်း၌ စခန်းချပြီးနောက်၊ မနက် ၉နာရီခန့်တွင် သဲတောကျေးရွာသို့ ဆက်လက်ထွက်ခွာလာရာ၊ လမ်းတွင် ကြိုတင်စောင့်ဆိုင်းနေသည့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” တိုက်ပွဲဖြစ်တာက ကျွန်တော်တို့က ပြင်ဆင်ထားတဲ့ဂွင်ထဲမှာ အသင့်စောင့်နေတာ ။ လမ်းက တစ်လမ်းတိုးပဲ ။ သူတို့ တွေလည်း ပြန်လှည့်စရာလမ်းမရှိဘူး ၊ ကျွန်တော်တို့လဲတူတူပဲဗျ ။ သူတို့က အင်အား ၆၀ လောက် တန်းစီပြီး လျှောက် လာတာ ။ ကျွန်တော်တို့နဲ့ အနီးဆုံးနေရာလဲရောက်ရော ဆွဲဆိုပြီး စက်လက်တွေ ၊ မောင်းပြန်တွေ ၊ လက်ပစ်တွေနဲ့ ပစ်ကြတာဗျ “ ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက MPA သို့ ပြောသည် ။
တိုက်ပွဲဖြစ်ချိန်သည် ၁၀ မိနစ်ခန့်သာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများဘက်မှ ” မပစ်ပါနဲ့ဗျ၊ ကျုပ်တို့ပြည် သူတွေပါ” ၊ ” ဒီမှာငါ့လူတွေ အကျများကုန်ပြီ ၄၀ ပစ်ကူပေး” စသည့်အကူအညီတောင်းသံများဖြင့် အော်ဟစ်နေကြ သည်ကို ကြားခဲ့ရကြောင်း ၎င်းက ရှင်းပြသည်။
” စစ်ကောင်စီတပ်သားတွေဘက်က ကျွန်တော်တို့ကို Counter ပြန်ပစ်တာတော့ရှိတယ် ။ ဒါပေမဲ့ နည်းတယ်ဗျ။ အကုန် ကစဉ့်ကလျားနဲ့ထွက်ပြေးကြတာ ။ မျက်မြင်ကို ၁၅ယောက်လောက်က သွေးတွေနဲ့ ပြန့်ကျဲနေတာ ။ အနီးကပ် တိုက်ပွဲ ဆိုပေမယ့်၊ ကျွန်တော်တို့ဘက်က ကျည်အင်အားအခြေအနေကြောင့် ပြန်ဆုတ်ခဲ့ရတယ် ။ သေနတ်တွေဘာ တွေတော့၊ မကောက်နိုင်ခဲ့ဘူးဗျ “ ဟု ၎င်းကပြောသည် ။
ယင်းစစ်ကြောင်းသည် သဲတောကျေးရွာသို့ ထွက်လာစဉ် ၄၀မမ ၊ ၆၀မမ များဖြင့် ပစ်ခတ်ကာ ပစ်တက် တက်လာခဲ့ခြင်းကြောင့် အနီးအနားကျေးရွာများသို့ ထိခိုက်မှုရှိမရှိ စုံစမ်းနေကြောင်း BNRA ပြောရေးဆိုခွင့်ရှိသူ ကိုဆာန်ကပြောသည် ။
” ရေစကြိုမြို့နယ်က တော်လှန်ရေးမှာအင်အားကောင်းတဲ့မြို့နယ်ဆိုတော့၊ အရင် စစ်ကိုင်းတိုင်းထဲမှာ နယ်မြေ ရှင်းလင်းရေးလုပ်သလိုမျိုး လုပ်တဲ့ပုံစံပါပဲ ။ စစ်ကြောင်းမှာ လက်ရုံးတပ်တို့ ၊ ခြေမြန်တပ်ရင်း ၊ ရဲ ၊ စစ်ကောင်စီ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေပါတယ် ။ အဲ့ဒီအုပ်ချုပ်ရေးမှူးတွေကို လမ်းပြခိုင်းပြီး ကျေးရွာတွေမှာ PDF ရှိမရှိ ရှင်းလင်းတဲ့ပုံစံပါ “ ဟု ၎င်းကပြောသည် ။
ယင်းတိုက်ပွဲတွင် သေဆုံးသွားသော စစ်သား ၁၈ ဦးနှင့် ဒဏ်ရာရ ၁၀ဦးတို့ကို နာရေးကား ၅ စီးဖြင့် ပခုက္ကူဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရပြီး၊ အဆိုပါတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA)၊ မြိုင်ပကဖ တပ်ရင်း (၁)၊ Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းစစ်သည်၊ ဒေါင်းသွေးနီ၊ Shwe Nyar Myae PDF၊ King Cobra တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


