ချင်းပြည်နယ်၊ တီးတိန်မြို့၊ စစ်ကောင်စီတပ်ကုန်းအနီးတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိသောကြောင့် ကလေးငယ်တစ်ဦး ခြေထောက်တစ်ဖက်ဖြတ်လိုက်ရကြောင်း စုံစမ်းသိရှိရသည်။
စက်တင်ဘာ ၃၀ ရက်၊ နေ့လယ်ပိုင်းအချိန်တွင် စစ်ကောင်စီ၏ ခလရ (၂၆၉) တပ်ကုန်းအနီးနေထိုင်သည့် သားအမိ ၂ ဦး ထင်းရှာထွက်စဥ် သမီးဖြစ်သူမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်။ အခုကလေးဆေးရုံမှာ”ဟု တီးတိန်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဆရာ Jabez က MPA သို့ ပြောသည်။
မိုင်းနင်းမိသူမှာ အသက် ၁၂ အရွယ် မညောင်ငိုက်နွမ်းဟု သိရပြီး အခင်းဖြစ်ပွားပြီးနောက် တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ညာဘက်ခြေထောက်ဖြတ်တောက်ခဲ့သော်လည်း မသက်သာသည့်အတွက် ကလေးမြို့ဆေးရုံသို့ လွှဲပေးခဲ့ကြောင်းသိရသည်။
ခလရ (၂၆၉) တပ်ရင်းသည် တီးတိန်မြို့၏ အနောက်မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး စစ်ကောင်စီသည် ၎င်း၏ တပ်စခန်းအနီးတဝိုက်နှင့် ကနေဒီတောင်ကြောဘက်တွင် မြေမြှုပ်မိုင်းများ ထောင်ထားသည်ဟု ဆိုသည်။
“အရင်ကတော့ ဒီလိုမြို့နားမှာ မိုင်းကွဲတာမရှိဘူး။ ကနေဒီတောင်ဘက်မှာတော့ နွားတွေမိုင်းနင်းမိပြီး ကွဲတာရှိတယ်။ တစ်ခါကွဲရင် ၂ လုံး၊ ၃ လုံးတစ်ခါတည်းကွဲတယ်။ နွားတွေ သေတာတော့ ရှိခဲ့တယ်” ဟု ဆရာ Jabez က ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီတပ်ကုန်းမှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် တီးတိန်မြို့ပေါ် လူနေအိမ်အချို့ ကျည်ထိမှန်ပျက်စီးခဲ့ရသေးသည်ဟု စုံစမ်းသိရှိရသည်။