စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ စစ်ရှောင်မီးဘေးသင့်ပြည်သူများအတွက် အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများ၏ အဖွဲ့ဝင်ထံမှ သိရသည်။
ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၇၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ ညောင်ပင်ကြီးရွာမီးရှို့ခံရတာတော့ ဒီလ ၁၀ လပိုင်း ၉ ရက်နေ့ဆို သူတို့အတွက် လေးလပြည်မှာပေါ့နော်။ တချို့ကတော့ နေရပ်ပြန်သွားကြလို့ အခုစစ်ရှောင်ဦးရေက ၇၀၀ ဝန်းကျင်လောက်တော့ ကျန်ဦးမယ်ဗျ။ အများစုကတော့ စစ်ရှောင်စခန်းပေါ့။ စစ်ရှောင်စခန်းဆိုတာထက် နီးစပ်ရာ ကျေးရွာတွေက စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေမှာ ရှောင်တိမ်းနေရတာပေါ့။ တချို့ကတော့ ကိုယ်နဲ့နီးစပ်တဲ့ မီးလောင်ပြင်မှာဘဲ ယာယီတဲထိုးပြီး နေရတဲ့အနေအထားပါဗျ ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့၏ အဖွဲ့ဝင်က ပြောသည်။
ယခုကာလသည် မိုးတွင်းကာလဖြစ်သည့်အလျောက် စစ်ရှောင်မီးဘေးသင့်ပြည်သူများအတွက် လိုအပ်ချက်များစွာရှိနေပြီး
လတ်တလောတွင် အမိုးအကာမလုံလောက်သော မီးဘေးသင့်အိမ်ထောင်စု ၁၀၀ ကျော် ရှိနေကြောင်းလည်း သိရသည်။
“ အဓိက လိုအပ်တာကတော့ မိုးကာပေါ့နော်။ အခုက မိုးကလည်း နည်းနည်းလေးကောင်းတဲ့ ရာသီဥတုဖြစ်နေတော့ မိုးရွာတော့ သူတို့အတွက် ပိုပြီးတော့ ခက်ခဲတာပေါ့ဗျာ။ သူတို့က မီးလောင်ပြင်မှာမှ ယာယီတဲလေးတွေ ထိုးနေပြီးတော့ မိုးရွာလာတော့ သူတို့အတွက် အမိုးအကာ မလုံလောက်တဲ့ ပြဿနာတွေပေါ့။ သူတို့ရဲ့ အိမ်တစ်လုံးလုံး ဆုံးရှုံးထားတဲ့ အနေအထားဆိုတော့ လိုအပ်ချက်တွေတော့ များပါတယ်။ ဒါပေမဲ့ အရေးပေါ် လိုနေတာကတော့ အမိုးအကာအတွက် မိုးကာတွေလိုနေတာပါ” ဟု ၎င်းက ဆက်ရှင်းပြသည်။
အဆိုပါ ညောင်ပင်ကြီးရွာတွင် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတည်ရှိပြီး ရဲစခန်းတွင် စစ်ကောင်စီတပ်များမှ တပ်စွဲထားသည့်အပြင် ရဲစခန်းဘေးတွင်လည်း နေရာချဲ့တပ်စွဲထားသောကြောင့် ဒေသခံများ နေရပ်ပြန်နေရန်အတွက် စိုးရိမ်ပူပန်နေရကြောင်းလည်း စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့တွင် ညောင်ပင်ကြီးရွာရဲစခန်းကို PDF များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှ ညောင်ပင်ကြီးကျေးရွာ၊ ထန်းတောဆိပ် (အလယ်ဆိပ်) ကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။