တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့(စက်တင်ဘာ ၂၈ ရက်) မနက် ၉နာရီတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းများကြောင့် လူနေအိမ် ၃၀ နီးပါးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“မနေ့ကတည်းက မိုးကရွာတာ ဒီမနက်မှ လေပြင်းတိုက်တာ၊ မနေ့က မိုရွာထားတဲ့အရှိန်ကြောင့်ရယ်၊ လေပြင်းတိုက် တော့လည်း မိုးက ပါသေးတာဆိုတော့၊ မြေပါပြိုကျလာတာပေါ့။ ရပ်ကွက်ထဲ မှာတော့ အိမ်တွေ ဘာတွေ ထိခိုက် ပျက်စီးတာတော့ရှိတယ်။ လူတော့ ထိခိုက်မှုမရှိဘူး” ဟု မြိတ်မြို့၊ ဒေသခံပြည်သူတစ်ဦးက MPA ကိုပြောသည်။
ထိုကဲ့သို့ လေပြင်းတိုက်ခိုက်ခြင်းကြောင့် မြိတ်မြို့ရှိ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကာ၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရာတွင် မြေပြိုကျမှုကြောင့် သက်ကြီးရွယ်အိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်၊ ရှားတော၀ရပ် ကွက်ရှိ ပြည်သူတစ်ဦး သစ်ပင်ပိသေဆုံးခဲ့ကြောင်းလည်းသိရသည်။
“အိမ်ပေါ်ကို မြေပြိုကျတာပါ၊ မနက် ၉ နာရီလောက်ကပေါ့။ အိမ်ထဲမှာလဲ အန်တီကြီးတစ်ယောက်ထဲရှိပုံရတယ်။ သက်ကြီးရွယ်အိုဆိုတော့ မပြေးနိုင်တော့ ထိခိုက်ဒဏ်ရတာပေါ့။ အခုတော့ဆေးရုံတင်ထားတယ်။ နံရိုးကြိုးသွားတယ် လို့ ကြားတယ်” ဟု ကျွဲကူးကျေးရွာ ပြည်သူတစ်ဦးက ပြောသည်။
ထိခိုက်ပျက်စီးခဲ့သည့် အိမ်များကို မြိတ်ခရိုင်၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ နှင့် ကယ်ဆယ်ရေးများက စစ်တမ်းကောက်ယူမှုများပြုလုပ်လျက်ရှိကြောင်း၊ သိရသည်။
“ ကျွန်တော်တို့ စစ်တမ်းတွေကောက်နေပါတယ်။ ဘယ်လောက်ထိပျက်စီးခဲ့လဲဆိုတာ၊ လတ်တလော သိရသလောက် နေအိမ် သုံးဆယ်လောက်ရှိမယ်။ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်။ အမျိုးသား တစ်ဦးက အုန်းပင်ပိပြီး ဆုံးသွားတယ်” ဟု မြိတ်မြို့ရှိ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ အဖွဲ့ဝင် တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှ ဖြတ်ကျော်ဝင်ရောက်လာသည့် လေပွေလှိုင်းကြောင့်၊ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများတွင် မိုးများကာ လေပြင်းတိုက်ခိုက်ခြင်းနှင့် မြေပြိုမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် အဆိုပါ လေပွေလှိုင်းသည် ဘင်္ဂလားပင်လယ်အော်တွင်းရောက်ရှိပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် ပြောင်းလဲပြီးနောက် အောက်တိုဘာ ၁ရက်နေ့အထိ မိုးရွာသွန်းမှုများပြားကာ၊လေပြင်းတိုက်ခတ်မှုများဖြစ် ပေါ်နိုင်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသလို၊ စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနကလည်း ထုတ်ပြန်ထားသည်။


