စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု CDF (KKG) ထံမှ သိရသည်။
ကလေးမြို့တောင်ပိုင်း ကြံသာပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၁၀၀ ခန့်သည် စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် အောင်သာယာကျေးရွာဘက်သို့ စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“သူတို့ထွက်လာတဲ့ အချိန်ကိုတော့ မသိရဘူး။ ထိတွေ့တိုက်ပွဲ ဖြစ်တာကတော့ မနက် ၈ နာရီလောက်ကနေ စပြီးဖြစ်တယ်။ ၂၆ ရက်နေ့ ပထမဆုံး ထိတွေ့မှုကတော့ နာရီဝက်ခန့် ကြာခဲ့တယ်။ စစ်ကောင်စီဘက်ကတော့ ၂ ယောက် သေတာတော့ အတည်ပြုနိုင်တယ်ပေါ့နော။ ကျန်တဲ့ ဒဏ်ရာရတာတော့ ၄ ယောက် အတည်ပြုနိုင်တယ်ပေါ့” ဟု CDF (KKG) ၏ ပြန်ကြားရေးတာဝန်ခံက MPA သို့ ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီနှင့် ပျူစောထီးများ၏ လက်နက်ကြီး၊ လက်နက်ငယ် သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် CDF (KKG) ၏ ရဲဘော်တစ်ဦးနှင့် ကလေးမြို့နယ် ပကဖအဖွဲ့ဝင်တစ်ဦးတို့ ကျဆုံးခဲ့ရသည်ဟု သိရသည်။
အောင်သာယာရွာတွင် CDF (KKG) နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ နှစ်ဖွဲ့အထိုင်ချခဲ့ခြင်းဖြစ်ကာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် ဆုတ်ခွာပေးခဲ့ရသည်။
ထို့နောက် စစ်ကောင်စီနှင့် ပျူစောထီးများသည် အောင်သာယာရွာအတွင်း ဝင်ရောက်၍ ရွာအရှေ့ခြမ်းတွင် ခြေကုပ်ယူထားကြပြီး မွန်းလွဲ (၁) နာရီခန့်တွင် CDF (KKG) နှင့် ကလေးခရိုင်တပ်ရင်း (၄) တို့ ပူးပေါင်းကာ ပြန်လည်သွားရောက်တိုက်ခိုက်ခဲ့သည်။
“ကျတော်တို့ဘက်ကနေ ပြန်လည် ထိုးစစ်ဆင်ပြီး တိုက်ခိုက်ခဲ့တာရှိတယ်။ အဲ့ဒီ တိုက်ပွဲအခြေအနေကတော့ စစ်ကောင်စီဘက်က အထိအခိုက် ရှိနိုင်တယ်ဆိုတာလောက်ပဲ သိထားရသေးတာပေါ့နော်။ ကျတော်တို့ဘက်ကလည်း ရဲဘော် ၂ ယောက် စိုးရိမ်စရာတော့ မရှိဘူးပေါ့နော်၊ ထိခိုက်ဒဏ်ရာရခဲ့တယ်” ဟု CDF (KKG) ၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးများသည် စက်တင်ဘာ ၂၇ ရက်နေ့တွင် အောင်သာယာရွာမှ မှန်တောရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးခဲ့ပြီး အဆိုပါ စစ်ကြောင်းကို နေ့လယ်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်က အထိအခိုက်များနိုင်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ဆိုသည်။
“ဟံသာဝတီ၊ ကြံသာဘက်က ပျူစောထီးတွေ များတဲ့အခါကျတော့ ကျတော်တို့ဘက်က စားသုံးကုန် ဖြတ်တောက်မှုတွေ လုပ်တာမျိုးတွေရှိတယ်။ အဲ့ဒီအခါကျတော့ သူတို့အနေနဲ့ အရမ်းကို အကျပ်အတည်းဖြစ်လွန်းလို့ လမ်းပိုင်းကို စိုးမိုးချင်လို့ စစ်ကြောင်းထိုးလာတယ်လို့ပဲ ယူဆရတယ်ပေါ့နော်”ဟု ၎င်းက ဆက်ပြောသည်။
ကြံသာရွာသည် ကလေး-ဂန့်ဂေါ ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကလေးမြို့တောင်ပိုင်း အစွန်ဆုံးကျေးရွာဖြစ်ကာ ကြံသာရွာ၏ တောင်ဘက်တွင် ပျူသောထီးအင်အားကောင်းသည့် ဟံသာဝတီ၊ ကုက္ကားနှင့် မြောက်ခင်ရန်းကျေးရွာများ တစ်ဆက်တည်းတည်ရှိသည်။
လက်ရှိတွင် ကြံသာရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများသည် အောင်သာယာရွာနှင့် မှန်တောရွာတို့တွင် ဆက်လက်အထိုင်ချတပ်စွဲထားပြီး တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနိုင်ခြေရှိသည်ဟု သိရသည်။
“တိုက်ပွဲကတော့ ပြောလို့ မရဘူးပေါ့နော်။ ကျတော်တို့ ဘက်ကနေလည်း ဒီလမ်းပိုင်းစိုးမိုးမှုကို ပြန်ယူမလားဆိုတာတော့ စဥ်းစားရမှာပေါ့။ နောက်တစ်ချက် သူတို့ဘက်ကနေ ဆက်ပြီး ရှားဖို၊ တင်သားတို့ ဒိုးနွယ်ဘက်တို့ ထပ်ပြီး ထိုးလာရင်တော့ တိုက်ပွဲက ပိုပြီးပြင်းထန်လာမယ့် သဘောရှိတယ်”ဟု CDF (KKG) ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲ ၂ ရက်တာကာလအတွင်း စစ်ကောင်စီနှင့် ပျူစောထီးများက အောင်သာယာရွာနှင့် မှန်တောရွာမှ လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကြံသာပျူစောထီးရွာမှလည်း တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှားဖိုကျေးရွာမှ ပြည်သူ ၅ ဦး ကျည်ထိမှန်သေဆုံးခဲ့ရသည်ဟု သိရသည်။
CDF (KKG) အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏ ဒုက္ခများအား ကူညီချင်သော်လည်း မကူညီနိုင်သည်များကို နားလည်ပေးပါရန်နှင့် ပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးပတ်ဝန်းကျင်တွင် နေထိုင်ခြင်းမပြုလုပ်ဘဲ ခေတ္တရှောင်ပေးကြရန်ကိုလည်း တောင်းဆိုထားသည်။