တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတွင် တည်ရှိသော ခမရ ၅၆၁ တပ်ရင်းအနီး စစ်ဆေးရေးတံတားဂိတ်အား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။
ယနေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦး အပါအဝင် (၂) ဦး သေဆုံးကာ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
“ ဂိတ်မှာ သူတို့ အင်အား တစ်ဆယ်ကျော်သာသာ ရှိပါတယ်။ အဲ့ဒီဂိတ်မှာ သူတို့က ကားတွေ လူတွေ စစ်တာပါ။ ကျတော်တို့ အရင်ပစ်တော့ သူတို့ ပြန်ပစ်တာပါ ခင်ဗျာ။ ကျတော်တို့ဘက်က လက်နက်ကြီး မပါခဲ့ဘူး။ လက်နက်ငယ်နဲ့ပဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်မှုက တစ်နာရီနီးနီး ကြာပါတယ်။ သူတို့ စစ်ကူမလာခင် ကျတော်တို့ ပြန်ဆုတ်ခဲ့ပါတယ်” ဟု မြိတ်ခရိုင်တပ်ရင်း ၂ ၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြိတ်ခရိုင်၊ တပ်ရင်း-၂၊ တပ်ခွဲ (၁) နှင့် တနင်္သာရီမြို့နယ် (ပကဖ) – ဘက်မလိုက် ပြောက်ကျား၊ တောင်ပိုင်းသူရဲကောင်း – SWDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေးအတွင်း ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်၊ အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။
“ စကစ တပ်တွေရဲ့ သေဆုံးထိခိုက်မှုကိုတော့ ကျတော်တို့ နယ်မြေခံတွေဆီက သတင်းပြန်ရတာပါဗျ။ စစ်ရေးတင်းမာမှုက မကြာမကြာရှိပါတယ်။ ဒီလိုတင်းရင်တော့ သူတို့တပ်ရင်းတွေက လက်နက်ကြီး ရမ်းသမ်းပစ်တော့တာပဲဗျ” ဟု မြိတ်ခရိုင်တပ်ရင်း ၂ ၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။
ထို့အပြင် ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ တနင်္သာရီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြရန်နှင့် စစ်ရေးအရှိန် မြင့်မားလာနိုင်သည့်အတွက်ကြောင့် ပြည်သူများအနေဖြင့် လုံခြုံရေးအား အထူးသတိပြုသွားလာရန်လည်း ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ ဘန်ကျုတ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် မြိတ်ခရိုင်၊ တပ်ရင်း(၂) ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၄) ဦးသေဆုံးကာ (၆) ဦး ဒဏ်ရာရရှိခဲ့သေးသည်။