မွန်ပြည်နယ်၊ ရေးမြို့အခြေစိုက် သတင်းရဲတပ်ဖွဲ့မှ တာဝန်ခံရဲအုပ်တစ်ဦး ယနေ့ (စက်တင်ဘာလ ၁၈ ရက်) မနက် (၁၁) နာရီ ခန့်က ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူသည် ရေးမြို့အခြေစိုက် သတင်းရဲတပ်ဖွဲ့၊ တပ်စု (၁၁) မှ တာဝန်ခံ ရဲအုပ် မြင့်လွင်ဆို သူဖြစ်ပြီး ရေးမြို့၊ အောင်သုခရပ်ကွက်အတွင်း အမျိုးသားနှစ်ဦးမှ ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။
“ သတင်းရဲတပ်ဖွဲ့ဆိုပြီး ရပ်ကွက်ထဲ လုပ်စားနေတဲ့ သူပေါ့ဗျာ။ ရပ်ကွက်ထဲက အရက်ဆိုင်တို့၊ ဇိမ်ခန်းတို့၊ ဆေးရောင်းတဲ့သူတွေစီကနေ လိုင်းကြေးကောက်ဖို့ လာတုန်း ပစ်ခံရတာလို့ ကြားတယ်။ နားထင်ကို ကားဘေးကနေ ကပ်ပစ်သွားတာပါ။ အခြေအနေမကောင်းဘူးတော့ကြားတယ်။ တချို့ကလည်း ပွဲချင်းပြီးသွားတယ်လို့ ပြောပေမယ့် အတိအကျတော့ မသိရသေးပါဘူး” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ရဲအုပ်မြင့်လွင်သည် ၎င်း၏ ကားဖြင့် ထွက်ခွာလာချိန် အောင်သုခရပ်ကွက်အရောက် အနောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် အမျိုးသားနှစ်ဦးအနက်မှ တစ်ဦးက ကားဘေးအရောက်တွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညာဘက်နားထင် ပွင့်ထွက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ သတင်းရဲတပ်ဖွဲ့ တာဝန်ခံရဲအုပ်လို့ သိထားရပါတယ်။ ပစ်ခတ်သွားတဲ့ လူနှစ်ယောက်လည်း လွတ်သွားတယ်လို့ သိရတယ်။ ဆေးရုံကို ပို့ရင်း လမ်းမှာတင် သေသွားတာ။ အခုလောလောဆယ်တော့ အောင်သုခရပ်ကွက်ထဲမှာ ဟိုကောင်တွေ(စစ်တပ်) ခြေချင်းလိမ်နေတာပေါ့ဗျာ။ လူငယ်တွေ ဒီနေ့ကို အဲ့ဒီရပ်ကွက်ဖက် အသွားအလာသတိထားကြပါလို့ ပြောချင်ပါတယ်” ဟု လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရေးဘီလူးအဖွဲ့မှ ၎င်းတို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၊ရေးမြို့နယ် သတင်းရဲတပ်ဖွဲ့မှ သုံးပွင့်ရဲတစ်ဦးကို M4 2 အရှည်နှစ်လက်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်က ရေးမြို့မရဲစခန်းမှ စခန်းမှူးစီးနင်းလာသည့် ကားတစ်စီး ပစ်ခတ်ခံခဲ့ရပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စခန်းမှူးဖြစ်သူ ဒုရဲမှူးနှင့် ရဲတပ်ကြပ်တစ်ဦးတို့ သေဆုံးခဲ့သည်။