ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ပန်းဖော်ပြင်ကျေးရွာရှိ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး ယမန်နေ့ (စက်တင်ဘာ ၁၆ရက်) မနက်ပိုင်းက အသတ်ခံရပြီးနောက် ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ စိုးရိမ်နေကြောင်း ရခိုင်ဒေသခံအမျိုးသမီးများက MPAသို့ ပြောသည်။
“အမျိုးသမီးထု တစ်ရပ်လုံးကို အကြီးမားဆုံး ကြောက်ရွံ စိုးထိတ်မှု ဖြစ်သွားပါတယ်။ တစ်ချို့အဖွဲ့စည်းက မိန်းကလေးတွေ ခရီးထွက်ပြီး ပြည်သူ့အကျိုးပြု လုပ်နေကြတဲ့ မိန်းခလေးတွေအတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး တစ်ခုဖြစ်သွားတယ်ရှင့်။ ကိုယ့်မြို့ကိုယ့်ဒေသ ကိုယ့်အိမ်မှာနေပြီး အမျိုးသမီးတွေရဲ့ ဘဝမလုံခြုံတော့ဘူး။ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ လက်တည့်စမ်းဖို့ သတ်ဖြတ်ခံရဖို့အတွက် ဓါးစားခံတွေ မဟုတ်ဘူး”ဟု ရခိုင်ပြည်နယ်ရှိ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးမှ MPAသို့ ပြောသည်။
စက်တင်ဘာ ၁၆ရက်က အသတ်ခံလိုက်ရသော ကျောင်းဆရာမသည် အသက် ၃၇နှစ်အရွယ်ရှိပြီဖြစ်ပြီး လည်ပင်းလှီးဖြတ်ခံရသည့် ဒဏ်ရာဖြင့်သေဆုံးသွားကာ ယင်းအမှုအား ရက္ခိုင့်တပ်တော်(AA)မှ ကိုင်တွယ်ဖြေရှင်းနေကြောင်း သိရသည်။
ယင်းအမှုကိစ္စရပ်နှင့် ပတ်သက်၍ ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ MPAမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
“စစ်ကောင်စီကလည်း ထိထိရောက်ရောက် လုပ်နိုင်တာမျိုးမရှိဘူး။ ပြောရရင် ညီမတို့ ရခိုင်မှာက အစိုးရနှစ်ရပ်ကြားမှာ ထိခိုက်နစ်နာနေရတာက ပြည်သူတွေပဲ။ အခုအမှူရဲ့ တရားခံကို တပ်တော်(AA)က ဦးစီးပြီး စုံစမ်းရှာဖွေနေတယ်။ အခုဒေသတွင်း အမှူကိစ္စတွေ တော်တော်များများကို တပ်တော်(AA)ရဲ့ တရားရုံးတွေကပဲ စိစစ်ဖြေရှင်းပေးနေတာပါ။ အခုမှူကတော့ အမှူမှန်ပေါ်ပေါက်ဖို့ များပါတယ်”ဟု ရခိုင်ပြည်ရှိ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက MPAသို့ ဆက်လက် ပြောသည်။
လှည်ပင်းလှီးဖြတ်ခံရသည့် ဒဏ်ရာဖြင့် သေဆုံးသွားသော ကျောင်းဆရာမ၏ ဖြစ်စဉ်သည် ၂၀၁၂ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ရမ်းဗြဲကျွန်းမှ မသီတာထွေးအမှူနှင့် ထပ်တူကျကြောင်း၊ ယင်းကဲ့သို့ မသီတာထွေး အမှူနှင့် ထပ်တူကျနေသည့် ကျောင်းဆရာမအမှူသည် ရခိုင်၊ ရိုဟင်ဂျာ လူမျိုးရေးပဋိပက္ခဖြစ်စေရန် ဖန်တီးလိုက်ခြင်း ဖြစ်သော်လည်း လူမျိုးရေးပဋိပက္ခဖြစ်မလာနိုင်ကြောင်း ရခိုင်ဒေသခံများက ပြောသည်။
“ကျွန်မက နယ်ကိုသွားရတဲ့ ကျောင်းဆရာမတစ်ယောက်ပါ။ အခုလို ဖြစ်ရပ်ဖြစ်သွားတော့ ကျောင်းသွားရမှာတောင် ကြောက်လာတယ်။ ကျောင်းက နယ်မှာဖြစ်တဲ့အတွက် ဆိုင်ကယ်နဲ့ သွားတဲ့အခါ လမ်းမှာ လူသူကင်းမဲ့တယ်။ တစ်ခုခု ဖြစ်သွားရင်လည်း ကူညီမယ့်သူမရှိဘူး။ လမ်းတွေမှာ လုံခြုံရေးတွေရှိစေချင်တယ်။ နယ်မှာ ကျတဲ့ ကျောင်းဆရာ မ တစ်ယောက်ဖြစ်တဲ့အတွက် ကျောင်းနဲ့ နီးတဲ့ နေရာတွေမှာ နေရမှ လုံခြုံမှာပေါ့။ အခုလို ဖြစ်ရပ်မျိုးက ကိုယ်လည်း ဖြစ်လာနိုင်တယ်လေ။ စိုးရိမ်မှုတွေကတော့ ပြောတောင်မပြတတ်တော့ပါဘူး”ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ဆင်းအိုးကျေးရွာသို့ စာသင်ရန် သွားရောက်ရသည့် ကျောင်းဆရာမ တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်တွင် စီးပွားရေးကျပ်တည်းလာခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ အားကောင်းလာခြင်းကြောင့် ခိုးဆိုးလုယက်မှုနှင့် အဓမ္မပြုကျင့်မှုများ ပိုမို ဖြစ်ပွားလာကြောင်း သိရသည်။
လွန်ခဲ့သည့် ၁၁နှစ်ခန့် ၂၀၁၂ခုနှစ်အတွင်း အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ရခိုင်အမျိုးသမီး မသီတာထွေးအမှူတွင် ဘင်္ဂါလီ(ရိုဟင်ဂျာ) လူငယ် ၃ဦးအား တရားခံဟု စွပ်စွဲကာ တရားရင်ဆိုင်ခွင့် မပေးဘဲ ရခိုင်ပြည်နယ် အစိုးရမှ ချက်ချင်းဆိုသလို သေဒဏ်စီရင်ခဲ့ဖူးသည်။
ယင်းအချိန်မှ စတင်ကာ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာလူမျိုးစုတို့အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သလို စစ်ကောင်စီမှလည်း ရိုဟင်ဂျာများအား လူမျိုးတုန်းသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်အတွက် ရိုဟင်ဂျာအများစုသည် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ယင်းအပြင် ၂၀၂၂ခုနှစ် ဩဂုတ်လ ၁၅ရက် က စစ်တွေမြို့၊ ပြည်နယ်အစိုးရရုံးအနီးတွင် ဓားထိုးဒဏ်ရာများနှင့်သေဆုံးသွားသည့် မနွယ်သန္တာဝင်း အမှူသည်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AAတို့၏ တရားစီရင်ရေးနှစ်ရပ် ကြား၌ လက်ရှိအချိန်ထိ အမှုမှန်ပေါ်ပေါက်ခြင်းမရှိသေးပေ။