စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တောင်ဘက်ခြမ်းတွင် တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးခဲ့ကြောင်း Myanmar Defense Force (MDF) အဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီတပ်များသည် ဩဂုတ် ၃၀ ရက်မှ စတင်ကာ၊ စက်တင်ဘာ ၁၄ ရက်အထိ ကန့်ဘလူမြို့တောင်ဘက်ခြမ်း သို့ စစ်ကြောင်းထိုးမှုများပြုလုပ်နေသည့်အတွက် နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
” စစ်ကြောင်းစထိုးတဲ့ ပြီးခဲ့တဲ့လကုန်ကနေ ဒီနေ့အထိ ထိတွေ့တိုက်ပွဲ ၅ကြိမ်လောက် ဖြစ်ပါတယ်၊ စစ်ကောင်စီ ဘက်ကနေ ၁၁ယောက်လောက်သေပြီး၊ ၁၇ ယောက်လောက် ဒဏ်ရာရတာရှိတယ်။ ထိတွေ့တိုက်ပွဲမှာတော့ ကျွန်တော်တို့ ရဲဘော်တွေဘက်က အထိအခိုက်မရှိပါဘူး “ ဟု MDF မှ ဗိုလ်စွန်ရဲက ပြောသည်။
ကန့်ဘလူမြို့တောင်ဘက်ခြမ်းသို့ နှစ်ပတ်ကျော်ခန့်အထိ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရပြီး၊ စစ်တပ်သည် ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်းလည်း သိရသည်။
” သူတို့ကတော့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဆိုပြီး ကြွေးကြော်ထားတာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့အထင် ပြောရရင် ဒီကောင်(စစ်ကောင်စီ)တွေ မိုးရာသီဆိုတော့ သူတို့ ရိက္ခာပြတ်နေတော့ ပြည်သူတွေရဲ့ ဆန်စပါး ကျွဲ၊ နွားတွေကို လာပြီး အကြမ်းဖက်တာလို့ မြင်ပါတယ်။ ဒီနေ့လည်း တောင်ဘက်ခြမ်းက ကျေးရွာဖြစ်တဲ့ သကြားစက်ရဲ့ မြောက်ဘက်နား မှာရှိတဲ့ ဆင်နင်းရွာကို စစ်ကြောင်းထိုးသွားတယ်၊ ပျူတွေရောပါတာဆိုတော့ အင်အား ၁၅၀ ကနေ ၂၀၀ကြားလောက် တော့ရှိမယ်၊ သူတို့က မထင်ရင် မထင်သလိုမီးရှို့သွားတာပဲ၊ ပျက်စီးသွားတဲ့အိမ်အရေ အတွက်ကိုတော့ မသိရသေးဘူး” Myanmar Defense Force MDFမှ ဗိုလ်စွန်ရဲက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီ စစ်ကြောင်းသည့် ကန့်ဘလူမြို့တောင်ဘက်ခြမ်းသို့ ဆက်လက် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နေရပ်စွန့်ခွာကာ အနီးပတ်၀န်းကျင်ရွာများနှင့် တောတိုက်များသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း သိရသည်။