ရိုဟင်ဂျာများအပေါ် စစ်တပ်ကကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများသည် အထူးထိတ်လန့်တုန်လှုပ်ဖွယ်ဖြစ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအကြီးအကဲ Mr. Nicholas Koumjianမှ ပြောဆိုသည်။
ရိုဟင်ဂျာများအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အစီရင်ခံစာသုံးခု အပြီးသတ်ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjianမှ ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ စိစစ်သုံးသပ်ချက် အစီရင်ခံစာ သုံးစောင်ကိုလည်း အပြီးသတ် ဆောင်ရွက်နေပါတယ်။ ဒီအစီရင်ခံစာတွေမှာ ရခိုင်ပြည်နယ်အတွင်း စစ်တပ်ရဲ့ အထက်အောက်အမိန့်ပေးမှု အဆင့်ဆင့်၊ လိင်ပိုင်းဆိုင်ရာနှင့် ဂျင်ဒါအခြေပြုရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရန် ဒါမှမဟုတ် အရေးယူရန် မြန်မာအာဏာပိုင်တွေရဲ့ ပျက်ကွက်မှုနဲ့ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်း စစ်ဆင်ရေးအတွက် မြန်မာစစ်တပ်က ဖေ့စ်ဘုတ်ပေါ်မှာ အမုန်းစကားများ ပျံ့နှံ့အောင် အဓိက စိစစ် သုံးသပ်ထားပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjianမှ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (၅၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား၏ ၅နှစ်မြောက် နှစ်ပတ်လည် အစီရင်ခံစာအား လူ့အခွင့်အရေးကောင်စီထံ တင်သွင်းခဲ့သလို မြန်မာနိုင်ငံအတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအကြိမ်ရေနှင့် ပြင်းထန်မှုသည် ယခုနှစ်အတွင်း ပိုမိုမြင့်တက်လာခဲ့ကြောင်း ဆိုသည်။
“၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးအတွင်း ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထား စုဆောင်းခြင်းနဲ့ စိစစ်သုံးသပ်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နေဆဲပါ။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့ ရွာမီးရှို့မှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ စုဆောင်းထားပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjianမှ ပြောသည်။
မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရခြင်းသည်လည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။
“ရိုဟင်ဂျာတွေအပေါ်မှာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာကတော့ ပေါ်လွင်နေပြီး စစ်အုပ်စုကလည်း ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကို ခံနေရတာပေါ့။ ICJတရားရုံးမှာလည်း သက်သေအထောက်အထားတွေကို တင်ပြထားပြီး လူမျိုးတုန်းသတ်တယ်ဆိုတာ ပေါ်လွင်ပေမယ့် စစ်အုပ်စုကတော့ ပြစ်မှုကနေ လွတ်မြောက်နေဆဲပဲ။ ရိုဟင်ဂျာအရေးက ၂၀၁၇တည်းက ဖြစ်လာခဲ့တာလည်း အခုဆို ၆နှစ်ထိရှိခဲ့သလို အခုလို စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာခုံရုံးမှာ ရင်ဆိုင်ဖြေရှင်းနေရတာဟာ အရင်တည်းကလည်း ရိုဟင်ဂျာတွေအပေါ်မှာ ပဋိပက္ခတွေ ဖန်တီးပြီး ပြုလုပ်ခဲ့တဲ့ အကျိုးဆက်တွေပေါ့။ အခုဆိုလည်း ရိုဟင်ဂျာတွေကို နိုင်ငံရေးရဲ့ လက်နက်အဖြစ် အသုံးချနေဆဲပဲ”ဟု အစ္စလာမ်ဘာသာဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်မှ MPAသို့ပြောသည်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအနေဖြင့် ၎င်းတို့စုဆောင်းထားသည့် သက်သေအထောက်အထားကို ရာဇဝတ်မှုများအား လက်ခံစစ်ဆေးလိုပြီး တရားစွဲဆိုနိုင်သည့် တရားရုံး၊ ခုံရုံးများ၏ တရားမျှတမှုနှင့် တာဝန်ခံမှု ဖြစ်ထွန်းရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအား အဓိကထားဆောင်ရွက်နေသည့် တရားစွဲဆိုမှု ၃ခုအတွက် စုဆောင်းထားသည့် အထောက်အထားများအား အပြည်ပြည်ဆိုင်ရာ တရားရုံး၊ အပြည်ပြည်ဆိုင်ရာရာဇ၀တ်ခုံရုံးနှင့် အာဂျင်တီးနားတရားရုံးတို့ထံ မျှဝေထားကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian ၏ လူ့အခွင့်အရေးကောင်စီသို့ စက်တင်ဘာလ ၁၁ရက်နေ့တွင် တင်သွင်းသည့် စာတမ်း၌ ဖော်ပြထားသည်။
“ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့က လူသားချင်းစာနာတဲ့ အကူအညီတွေကို လိုအပ်နေတယ်။ စစ်ကောင်စီက ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးတွေ နောက်ပြီး ရိက္ခာရပိုင်ခွင့်တွေ အဲ့တာတွေကိုလည်း ဖြတ်တောက်ထားတယ်။ ဒါ့ကြောင့် အကူအညီတွေကိုလိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို လိုအပ်နေတဲ့ ရိုဟင်ဂျာအပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေအတွက် အမြန်ဆုံးကျော်လွှားနိုင်ဖို့အတွက် နိုင်ငံတကာမှာလည်း တာဝန်ရှိတယ်။ နောက်ပြီး ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ NUG၊ MODအနေနဲ့လည်း တာဝန်ရှိတယ်။ သူတို့အနေနဲ့လည်း နိုင်ငံတကာကို စည်းရုံးတာလည်း စည်းရုံးတာပေါ့ ICC၊ ICJ တွေနဲ့အနေနဲ့ စစ်ကောင်စီကို အပြစ်ပေးနိုင်ဖို့အတွက် အချက်အလတ်တွေကို အမြန်ဆုံးနဲ့ ထိထိရောက်ရောက် ပေးနိုင်ဖို့ တာဝန်ရှိတယ်”ဟု ရိုဟင်ဂျာအရေးလှုပ်ရှားသူတစ်ဦးမှ ပြောသည်။
မြန်မာပြည်သူတွေအနေဖြင့် လက်ရှိဖြစ်ပွားနေသော ရာဇဝတ်မှုများ၏ သက်ရောက်မှုများကို ခံစားနေပြီး မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှ မြန်မာပြည်သူများအတွက် တရားမျှတမှုရရှိရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေကြောင်းနှင့် ကျူးလွန်သူများအား သေချာပေါက်အရေးယူနိုင်ရန် ကြိုးပမ်းအားထုတ်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားမှ ပြောဆိုထားသည်။