စစ်ကိုင်းတိုင်း၊ မုံရွာထောင်တွင် အစာငတ်ခံတိုက်ပွဲဝင် နိုင်ငံရေးအကျဥ်းသား ၅၀ အထိရှိလာကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ကသတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဒုတိယ အသုတ်အနေဖြင့် နိုင်ငံရေးအကျဥ်းသား ၃၆ ဦးက အစာငတ်ခံတိုက်ပွဲဆင်နွှဲခဲ့ခြင်းဖြစ်သည်။
“အခုလက်ရှိ အယောက် ၅၀ ရှိသွားပြီ ကိုဝေမိုးနိုင်ပါလာတယ်။ ၃ ယောက်က မူးလဲတာကို ထောင်က လုံးဝ ဆေးကုမပေးဘူး။အဲ့ဒီကနေ ဒုတိယအသုတ် ၃၆ ယောက်ထပ်ပါလာတာပါ”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုရှင်းသန့် ကပြောသည်။
စက်တင်ဘာ ၈ ရက်တွင် စတင်ခဲ့သော အစာငတ်ခံဆန္ဒပြကြသည့် နိုင်ငံရေးအကျဥ်းသား ၁၄ ဦးထဲမှ ၃ ဦးသည် ၁၁ ရက်နေ့၌ မူးလဲသွားသဖြင့် ထောင်အာဏာပိုင်များထံတင်ပြရာ ၎င်းတို့က အစာငတ်ခံဆန္ဒပြခြင်းသည် တရားဝင်ခွင့်ပြုထားခြင်းမဟုတ်ကြောင်းထို့ကြောင့် ဆေးကုသခွင့်မပေးနိုင်ကြောင်းပြောသဖြင့် ၁၁ ရက်နေ့၌ နိုင်ငံရေးအကျဥ်းသား ၃၆ ဦးက ဒုတိယ အသုတ်အနေဖြင့် ထပ်တိုး အစာငတ်ခံတိုက်ပွဲဝင်ကြခြင်းဖြစ်သည်။
“နိုင်ငံရေးအကျဥ်းသားဆိုတာ မတရားမှုကို တွန်းလှန်တဲ့သူလေ။ ရောက်လေရာ မတရားမှုတွေ့နေသေးသရွေ့တော့ တွန်းလှန်နေဦးမှာပဲ။ ဒါကြောင့် ယုံကြည့်ချက်ကြောင့် အကျဥ်းကျခံရသူဆိုပြီးလည်း အမည်နာမ ပေးကြတာကိုး”ဟု မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီဝင် ကိုအောင်နေမျိုးက ပြောသည်။
အစာငတ်ခံတိုက်ပွဲ ဆင်နွှဲနေသည့် နိုင်ငံရေးအကျဥ်းသားများက အထူးရှာဖွေရေးအဖွဲ့ သိမ်းဆည်းသွားသည့် အကျဉ်းသားပိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ရန်၊ ပြင်ပမှပေးပို့သည့် ထောင်ဝင်စာပါဆယ်များကို ကန့်သတ်ချုပ်ချယ်မှု မရှိဘဲ လွတ်လပ်စွာပေးပို့ခွင့်ပြုရန်နှင့်အစာငတ်ခံဆန္ဒပြလျက်ရှိသည့် နိုင်ငံရေးအကျဥ်းသားများ၏ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို အပြည့်အဝတာဝန်ယူပေးရန် တောင်းဆိုထားသည်။
“ထောင်ထဲမှာ Hunger Strike ဆွဲတယ်ဆိုတာ တကယ်အမြင့်ဆုံးအခြေအနေဖြစ်တာ။ဒီလိုဘာကြောင့်ဖြစ်တာလဲဆို ထောင်ထဲမှာ ဖိနှိပ်မှုတွေအရမ်းများလာတဲ့အခါမှာ နိုင်ငံရေးအကျဥ်းသားတွေက လက်မခံနိုင်တော့ဘဲနဲ့ ပြန်ပြီးတော့ တွန်းလှန်တယ်။ခုဆို မုံရွာထောင်မှာ ကျနော်တို့ကြားသလောက်က ကျန်းမာရေးစောင့်ရှောက်မှုလုံးဝ မရှိဘူး။ထောင်တွင်းဆေးခန်းတောင်ပိတ်လိုက်တယ်လို့သိရတယ်။ထောင်နဲ့ဘာမှ မဆိုင်တဲ့ စစ်သားတွေ ရဲတွေက လက်နက်တွေနဲ့ဝင်ပြီးတော့ အထဲမှာလုပ်ချင်တိုင်းဝင်လုပ်တယ်ဆိုတော့ ဒါကတော်တော်အခြေနေဆိုးတယ်ပေါ့။ဒီလိုကျန်းမာရေးစောင့်ရှောက်မှုမပေးတဲ့အခါမှာ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်မှုက တော်တော်လေးကိုစိတ်ပူမိတယ်။ဒီအတိုင်းတောင်မှ နိုင်ငံရေးအကျဥ်းသားတွေကို နှိပ်စက်တယ်။ရှေ့မှာလည်း သတ်ဖြတ်ပစ်တာမျိုးတွေရှိတယ်။ထောင်ထဲမှာ Hunger Strike ဝင်တဲ့ နိုင်ကျဥ်းတွေကို ထောင်က ကျန်းမာရေးစောင့်ရှောက်မှု လုပ်ကိုပေးရတယ်”ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။
စက်တင်ဘာ၈ရက်နေ့နံနက်တွင် ဌာနပေါင်းစုံအထူးရှာဖွေရေးအဖွဲ့က မုံရွာထောင်ထဲသို့ ဝင်ရောက်လာ ကာ နိုင်ငံရေးအကျဉ်းသားများပိုင်ပစ္စည်းများနှင့် အစားအသောက်များကို သိမ်းဆည်းသွားခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ် ဆက်ဆံခဲ့ခြင်းကြောင့် အစာငတ်ခံ တိုက်ပွဲဝင်ကြခြင်းဖြစ်သည်။
စက်တင်ဘာလ ၁၁ ရက်နေ့တွင် မုံရွာထောင်တွင်း အစာငတ်ခံသပိတ်တိုက်ပွဲဆင်နွှဲနေကြသည့် နိုင်ငံရေးအကျဥ်းသားများနှင့်အတူ ရပ်တည်ကြောင်းနှင့်အကျဥ်းထောင်တွင်း ဥပဒေမဲ့ဖိနှိပ်မှုများ၊သတ်ဖြတ်မှု အမြန်ဆုံးရပ်တန့်ရန် “သံဖြတ်လွှ”စာသားပါ ကမ်ပိန်းကို နိုင်ငံရေးအကျဥ်းသားဟောင်းများ၊တော်လှန်ရေးရဲဘော်များ၊သပိတ်အင်အားစုများနှင့်ပြည်သူများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။

