မကွေးတိုင်း၊ ဆောမြို့နယ်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများရှိ နွားများတွင် ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် Lumpy Skin Disease (သွပ်ရောဂါ) ဖြစ်ပွားလျက်ရှိနေသဖြင့် နွားများအားရောင်းဝယ်ခြင်းနှင့် ဟင်းပေါ်ခြင်းမပြုလုပ်ရန် ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒေသန္တရအမိန့် ယနေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ရောဂါသည် သေဆုံးမှုနှုန်းနည်းသော်လည်း ကူးစက်မှုနှုန်း မြန်ဆန်သည့်အတွက် ယခုလို အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု သိရသည်။
“ကျတော်တို့ဆီက တောင်သူတွေ ဖြစ်တဲ့အတွက်ကို ဒီရောဂါပိုးမပြန့်ပွားအောင်ပေါ့နော် ဒီလိုတားမြစ်တာပါ။ အဓိကကတော့ ဒီရောဂါမပြန့်ပွားစေချင်လို့ တားမြစ်တာပါ။ ဟိုကူးဒီကူးနဲ့ နွားတွေရောင်းဝယ် ဖောက်ကားတဲ့အခါ နွားတွေနဲ့ပတ်သက်ပြီး ကူးစက်မှုမဖြစ်အောင် ပြည်သူတွေကို ကြေညာချက် ထုတ်ပေးတဲ့ သဘောပေါ့နော်”ဟု ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဒေါက်တာကြည်စိုးထွန်းက MPA သို့ ပြောသည်။
အဆိုပါရောဂါသည် ဆောမြို့နယ်အတွင်း သြဂုတ်လ ၁၅ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး နွားများသေဆုံးမှုနှုန်း မရှိသေးသော်လည်း ကြိုတင်ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ရောဂါလက္ခဏာကတော့ အရေပြားတွေမှာ အဖုအပိန့်တွေ ပေါက်တာပေါ့နော်။ သူက virus ကြောင့် ဖြစ်တာဆိုတော့ ကူးစက်မှုကတော့ မြန်တယ်ဗျ။ ဒါပေမဲ့ သေနှုန်းကတော့ နည်းတယ်။ သူ့ရောဂါချည်းပဲဆို မသေနိုင်ဘူး။ နောက်ဆက်တွဲ အနေနဲ့ အနာရင်းလာတာတို့ဆိုမှ သေတာပေါ့နော်”ဟု ဆောမြို့နယ်မွေးမြူရေးနှင့် ကုသရေးတာဝန်ခံ ဒေါက်တာချမ်းမြေ့နိုင်က MPA သို့ ပြောသည်။
အဆိုပါ သွပ်ရောဂါသည် နွားနှင့် ကျွဲများတွင်သာ အဓိက ကူးစက်ပြန့်ပွားနိုင်သော်လည်း လူများတွင်မူ ယင်းရောဂါကူးစက်ပြန့်ပွားနိုင်ခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။


