စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း ရွာတစ်ရွာရှိ ဖမ်းဆီးခံ UG ရဲဘော်များ၏ မိသားစုများအား People’s Healthcare Network(Kalay) မှ ထောက်ပံ့ငွေလှူဒါန်းခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။
UG ရဲဘော် ၁၁ ဦး၏ မိသားစုများအား မိသားစုတစ်စုလျှင် တစ်သိန်းကျပ်နှုန်းဖြင့် ဇူလိုင်လ ၇ ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီလက်အောက်ခံ သတင်းပေးများကြောင့် ဧပြီလ ၁၂ ရက်နေ့တွင် ကလေးမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ UG ရဲဘော် ၁၀ ဦး ဖမ်းဆီးခံလိုက်ရပြီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။
“ရဲဘော်တွေက အရင်က ထိခိုက်ဒဏ်ရာရတဲ့ အခါတွေလည်း PHN-Kalay ကို လာရောက်ဆေးကုသမှု ခံနေကျဆိုတော့ ရင်းနှီးနေတာလည်းပါတယ်။ စစ်ကြောင်းက ခဏခဏဝင်ပြီး ရန်ရှာနေတော့ သူတို့မိသားစုတွေ စားဝတ်နေရေးခက်ခဲနေကြတာ ကြားသိရလို့ အလှူရှင်လှူတာနဲ့ PHN-Kalay တို့ ပူးပေါင်းပြီး လှူဖြစ်သွားတာပါဗျ”ဟု PHN (Kalay) ၏ တာဝန်ခံ ဆရာဝန် Dr.Joshua က MPA သို့ ပြောသည်။
ယင်းလှူဒါန်းမှုကို အဓိကအလှူရှင် “အမေစုမွေးနေ့အလှူ (သြစတြေးလျ)”နှင့် PHN (Kalay) တို့က ပူးပေါင်း၍ ကူညီထောက်ပံ့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီသည် သြဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ကလေးမြို့တောင်ပိုင်းသို့ စစ်ကြောင်းထိုး၊ မီးရှို့မှုများပြုလုပ်ပြီး လက်ရှိ သာစည်ကျေးရွာတွင် တပ်စွဲထားသည့်အတွက် ပြည်သူ လေးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်ဟု စုံစမ်းသိရှိရသည်။



